Pages

Wednesday, June 18, 2008

ညီလင်ဆက်တို.ချီတက်နေဆဲ (သို.မဟုတ်) ဂုဏ်ယူစရာ ဘလော့ဂါတို.၏နှလုံးရည်တိုက်ပွဲ (၂)

တိုင်းရင်းသားအသံ JUNE 17 POST FROM NYI LIN SECK

ညီလင်ဆက်တို.ချီတက်နေဆဲ (သို.မဟုတ်) ဂုဏ်ယူစရာ ဘလော့ဂါတို.၏နှလုံးရည်တိုက်ပွဲ
(၂)

ကျွန်တော်တို့ အဖွဲ့ မနက်ဖြန်မှာ သုံးယောက် လပွတ္တာကို ပြန်သွားပါမယ်။ အဖျားမပြတ်သေးတဲ့ ယောသားနဲ့ ကိုမျက်လုံး ကျန်ခဲ့ပါဦးမယ်။ ကိုမျက်လုံးက မိသားစု ကိစ္စ တစ်ခုကြောင့် ခရီးတစ်ခု ခဏ သွားနေပါတယ်။ ဒါကြောင့် အကြောင်း တစုံတရာ ရှိခဲ့ရင် ယောသားကို ဆက်သွယ်နိုင်ပါတယ်။ ဒီတစ်ခေါက် ပြန်လာတာ တော်တော်လေး ဖီးလ်ငုပ် သွားလို့ အားလုံး ပြန်လာကြတာပါ။ သွားရေးလာရေး အဆင်မပြေသေးသလို အိမ်ငှားတာလည်း အဆင်မပြေသေးပါဘူး။ သစ်လည်း ဝယ်လို့ မရသေးဘူး။ ဒါတွေကို သဘက်ခါမှာ အပြီး ရှင်းပါမယ်။ တကယ်လို့များ သရက်သား သစ် ၀ယ်လို့မရရင် အင်ကညင် သုံးမလား၊ ဒါမှမဟုတ် ပုသိမ် မြောင်းမြကနေ ယူရမလားဆိုတာ ဈေးနှုန်းတွေ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ လှေမရှိသေးတဲ့အတွက် သွားရေးလာရေးဟာ အရင်ကလိုပဲ ခက်ခဲဆဲ ဖြစ်ပါတယ်။ ဇေကမ္ဘာ ကုမ္ပဏီက ပံ့ပိုးပေးတဲ့ လှေကြီးကလည်း ပင်လယ်ပြင်မှာ ဝေလငါး ထွက်ဖမ်းလို့ ရလောင်အောင် ကြီးနေတာမို့ ရေကျော် ချောင်းပေါက် ရွာတွေကို သွားမရပါဘူး။ ကျွန်တော်တို့က လူရှစ်ယောက်၊ လှေသမားက ၁၀ယောက်ပါတဲ့ အတွက်ကြောင့် သူတို့အတွက်နဲ့တင် ဆင်ဖိုးထက် ချွန်းဖိုး ကြီးမှာကို မြင်နေတာကြောင့် ပြန်အပ်လိုက်ပါတယ်။

ဒီတစ်ခေါက် ကျွန်တော်တို့ တဲဆောက်ရာမှာ ရွာသားတွေ စိတ်ပါလက်ပါ ဆောက်အောင် ဆုပေးတဲ့ နည်းဗျူဟာကို ကျင့်သုံးပါမယ်။ အိမ်တစ်လုံး ကျွန်တော်တို့ ပုံစံအတိုင်း သေသေသပ်သပ် ထွက်မယ်ဆိုရင် အလှူငွေ ငါးသောင်းကျပ် ထောက်ပံ့ပါမယ်။ သေသေသပ်သပ် မထွက်လာရင်တော့ ဒီထောက်ပံ့ငွေကို မပေးပါဘူး။ တချို့တွေကလည်း လက်သမား ငှားပြီး ဆောက်ပေးဖို့ အကြံပေးကြတယ်။ ကျေးဇူးတင်ပါတယ်။ လူတစ်ယောက်ရဲ့ နေထိုင်စရိတ်ဟာ အဲဒီမှာ ဘယ်လောက်ကြီးတယ်ဆိုတာကို မရောက်သေး မနေဘူးသေးရင် သိကြမှာ မဟုတ်ပါဘူး။ လက်သမား ၁၀ယောက်နေဖို့၊ စားဖို့၊ အိပ်ဖို့ ကျွန်တော်တို့ မတတ်နိုင်ဘူး။ အဲဒီအထဲက တစ်ယောက် ရေထဲကျသေရင် နောက်နေ့ ထောင်ထဲ ကျွန်တော် ရောက်သွားနိုင်တယ်။ ဒီတော့ အခုနက စနစ်ကို ပြောင်းလဲ ကျင့်သုံးကြည့်ပါမယ်။

လပွတ္တာမှာ ကျွန်တော်တို့ကို ဆက်သွယ်ချင်တယ်ဆိုရင် ၀၉၈၆၀၁၄၁၈ ကို ဆက်သွယ်လို့ ရပါတယ်။ ဇေကမ္ဘာက မေတ္တာပြုထားတဲ့ ဖုန်းပါ။ သတင်းမေးတာ၊ အင်တာဗျူး မေးတာတွေ မလုပ်ကြဖို့ မေတ္တာ ရပ်ခံပါတယ်။ ကျွန်တော်တို့ဟာ ဘာအနှောင်အဖွဲ့၊ တခြားဘာဦးတည်ချက်မှ မပါဘဲ ဒီဒုက္ခသည်တွေကို နေရေးထိုင်ရေး ခဏတာ အဆင်ပြေအောင် လိုက်လုပ်ပေးနေတဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။ အလှူငွေတွေ လိုက်ကောက် မနေသလို ဘယ်အဖွဲ့ဆီကမှလည်း ပရိုပိုဆယ်တင်ပြီး တောင်းမနေပါဘူး။ လက်ရှိ အများသူငါ လှူဒါန်းတဲ့ ငွေတွေကို ထိရောက်မှုရှိအောင် အသုံးပြုပေးနေပါတယ်။ ဒိုနာတွေဘက်က ကျွန်တော်တို့ လုပ်နေတဲ့ ရလာဒ်လေးတွေကို ကြည့်ချင်တဲ့ ဆန္ဒကိုလည်း နားလည်တယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဒိုနာ အများကြီးနဲ့ တပြိုင်နက် လုပ်နေရတယ်ဆိုတဲ့ အချက်လေးကိုလည်း ပြန်လည် နားလည်ပေးစေချင်တယ်။ ဒီတစ်ခါ သွားရမှာ စိတ်လည်း လေးနေတယ်။ စိတ်မောလူမောလည်း ဖြစ်နေတယ်။ တမျိုးပဲ :(


--
Nyi Lynn Seck

No comments:

Post a Comment