Pages

Tuesday, August 5, 2008

အိုလံပစ်ပွဲတော်တွင် မြန်မာ့ ကျောက်စိမ်းများကို မ၀ယ်ရန် ပန်ကြား

တိုင်းရင်းသားအသံ
အိုလံပစ်ပွဲတော်တွင် မြန်မာ့ ကျောက်စိမ်းများကို မ၀ယ်ရန် ပန်ကြား

သီတာထွန်း။ (သတင်းနှင့်မီဒီယာကွန်ယက်)
သြဂုတ် ၄ ရက်၊ ၂၀၀၈ ခုနှစ်။

တရုတ်နိုင်ငံတွင် ကျင်းပမည့် အိုလံပစ်ပွဲတော်သို့ လာရောက်သူများအနေဖြင့် မြန်မာ့ ကျောက်စိမ်းဖြင့် ပြုလုပ် သည့် အမှတ်တရပစ္စည်းများကို ၀ယ်ယူ အားပေးခြင်းမပြုရန် ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားလူငယ်များ သမဂ္ဂ (AKSYU) နှင့် အမေရိကန် အခြေစိုက် (8-8-08 for Burma) တို့မှ ယနေ့ တောင်းဆိုလိုက်သည်။

ယင်းအဖွဲ့များက “သွေးစွန်းသည့် ကျောက်စိမ်း” (BLOOD JADE) အမည်ဖြင့် အစီရင်ခံစာ ထုတ်ပြန်ပြီး တောင်းဆိုခြင်းဖြစ်သည်။

“အခု ကျောက်စိမ်းဒေသမှာဆိုရင် မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းနဲ့ သူတို့နဲ့ အကျိုးတူ ဖြစ်တဲ့ ကုမ္ပဏီကြီးတွေဟာဆိုရင် ကျောက်စိမ်းဒေသကို လက်ဝါးကြီး အုပ်ထား တယ်။ ဒေသခံပြည်သူ တွေရဲ့ အိမ်တွေ၊ လယ်မြေတွေကို အတင်းသိမ်းယူတယ်။ ကျေးရွာ တွေကို အတင်းရွှေ့ပြောင်းခိုင်း တယ်။ သဘာဝ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုဆိုရင် မြစ်ချောင်းတွေ ပြောင်းလဲတယ်၊ ပျက်တယ်၊ ရေ တွေ ရှားပါးတယ်၊ မိုးရာသီဆို ရေကြီးမှု ပြသနာ၊ ရွာတွေဟာ ရေကြီးရင် ဆုံးရှုံးရတာတွေ ရင်ဆိုင် နေရတယ်။ လောလော လတ်လတ်ဆိုရင် မြေပြိုပြီးမှ လူတွေ သေဆုံးမှုတွေ ဒီလိုဖြစ်ပျက်နေတယ်၊ အဲဒါကြောင့် ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်ပေါ်ပြီးမှ ထွက်ရှိလာရတဲ့ ကျောက်စိမ်း ပေါ့ နော်။ ပြီးတော့ အကျိုးစီးပွားဆိုလည်း ကုမ္ပဏီကြီးတွေနဲ့ စစ်အစိုးရသာ ရရှိပြီး ဒေသခံ ပြည်သူတွေက လုံးဝရရှိခြင်း မရှိတဲ့အတွက် ခုလို တောင်းဆိုရ ခြင်းဖြစ်ပါတယ်”။ ဟု (AKSYU) မှ သုတေသီ ကိုနော်လ က ယခုလို တောင်းဆိုရခြင်း၏ ရည်ရွယ်ချက် ကို ပြောသည်။

ကျောက်စိမ်းတွင်းဒေသတွင် လူအခွင့်အရေးချိုးဖောက်မှုများကို နှစ်နှစ်ခန့် အချက်အလက် ကောက်ယူစုဆောင်း ပြီးမှ ယင်းအစီရင်ခံစာကို ထုတ်ပြန်ခြင်း ဖြစ်သည်။

ကျောက်စိမ်းတွင်းဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများအပြင် အခြား အခြေအနေများလည်း ဆိုးဆိုး ရွားရွား ရှိသေးသည်ဟု ကိုနော်လက ပြောသည်။

“အဲဒီဒေသမှာဆိုလို့ရှိရင် မူးယစ်ဆေးဝါးပြသနာနဲ့ အိတ်ခ်ျအိုင်ဗွီ ပြန့်ပွားမှု ပြသနာက တော်တော် လေးကြီးမားတဲ့ လူမှုရေးပြသနာကြီးဖြစ်တယ်လို့ ပြောလို့ ရတယ်ပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ တချို့ ကုမ္ပဏီကြီးတွေ ကနေ သူတို့ကိုယ်တိုင်ကနေ လွတ်လွတ် လပ်လပ် ဖြန့်ဖြူးပြီးမှ သုံးစွဲလို့ရတဲ့ အခြေအနေမှာ ရှိတယ်။ လူငယ်တွေဟာ တော်တော် များများ ပျက်စီးနေကြပြီ၊ တဆက်တည်းမှာပဲ ပြည့်တန်ဆာ ပေါများမှုနဲ့ အိတ်ခ်ျအိုင်ဗွီ ပြန့်ပွားမှုကလည်း မြင့်မားတဲ့ ဒေသဖြစ်ပါတယ်။”

တရုတ်နိုင်ငံသည် မြန်မာ့ကျောက်စိမ်း(၉၀%)ရာခိုင်နှုန်းခန့်ကို ၀ယ်ယူသည့် နိုင်ငံဖြစ်ပြီး လွန်ခဲ့သည့် နှစ်နှစ်ခန့်မှ စတင်ကာ အိုလံပစ်ပွဲတော်အတွက် ရည်ရွယ်ပြီး ကျောက်စိမ်းများ ကို ပိုမိုဝယ်ယူခဲ့သည်။

ကျောက်မျက်ရတနာ တင်ပို့မှုသည် မြန်မာပြည်၏ နိုင်ငံခြားပို့ကုန်များအနက် တတိယ ၀င်ငွေအများဆုံး ရရှိ သော ပို့ကုန်ဖြစ်ကာ ယင်းအမြတ်ငွေကို မြန်မာစစ်အစိုးရသည် စစ်လက်နက် ၀ယ်ယူရေးအတွက် သုံးစွဲနေသည် ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အိုလံပစ်အားကစားပြိုင်ပွဲကို တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ယခုလ (၈) ရက်နေ့မှ စတင်ကျင်းပမည် ဖြစ်သည်။

No comments:

Post a Comment