Pages

Friday, September 19, 2008

ရိုးဂိုး ဆီဆွမ်းလောင်းလှူပွဲကို စစ်တပ်လုံခြုံရေး အတင်းအကြပ် ချထား

တိုင်းရင်းသားအသံ
ရိုးဂိုး ဆီဆွမ်းလောင်းလှူပွဲကို စစ်တပ်လုံခြုံရေး အတင်းအကြပ် ချထား

Kaowao

စက်တင်ဘာ ၁၉ ၊ ၂၀၀၈။


မော်လမြိုင်မြို့နယ်၊ ဖားအောက် - ရိုးဂိုးရွာတွင် လွန်ခဲ့သော အဖိတ်နေ့က ကျင်းပခဲ့သော ဆီဆွမ်းလောင်းလှူပွဲ အနီးပတ်ဝန်းကျင်တွင် စစ်တပ်အာဏာပိုင်တို့က လုံခြုံရေးအတင်းအကြပ် ချထားခဲ့သည်။

လွန်ခဲ့သော တော်သလင်းလဆန်း ၁၄ ရက်နေ့ (အဖိတ်နေ့)က ဆွမ်းကြီးလောင်းပွဲတဝိုက်အထိ ဝတ်စုံပြည့် စစ်သားအများအပြားပါသော ကားကြီးများအား မီတာ ၂၀၀ အကွာစီ ခြား၍ လမ်းဘေးတွင် လုံခြုံရေး ချထားကြောင်း ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဝင် ဆရာတော်တစ်ပါးက Kaowao သို့ မိန့်ကြားသည်။


ဆီဆွမ်းလောင်းလှူပွဲတော်သို့ လာရောက်ကုသိုလ်ပြုလှူဒါန်းကြသော ပြည်သူအများကိုလည်း အထိတ်တလန့် ဖြစ်စေသည်အထိ စစ်တပ်အာဏာပိုင်တို့က လုံခြုံရေး ချထားသည်ကို ပြန်လည်ရုပ်သိမ်းပေးရန် ဖြစ်မြောက်ရေး ကော်မတီက အာဏာပိုင်တို့အား ပန်ကြားခဲ့သော်လည်း ထိုလောင်းလှူပွဲသို့ လာရောက်သော စစ်တပ်အရာရှိ သားသမီးများ၏ လုံခြုံရေးအတွက်ဟု ဆိုကာ ပွဲတော်ပြီးဆုံးသည်အထိ စောင့်ကြပ်နေခဲ့သည်ဟုဆိုသည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ် တည်ရှိရာနှင့် နီးသော ထိုဆွမ်းလောင်းပွဲတော်သို့ စစ်တပ်မိသားစုဝင်များလည်း ပါဝင်လှူဒါန်းကြသည်ဟု အကြောင်းပြသော်လည်း ယခင်နှစ်ပွဲတော်များတွင် ယင်းကဲ့သို့ လုံခြုံရေး ချထားခြင်း မရှိခဲ့ကြောင်း ထိုဆရာတော်က မိန့်ကြားသည်။

ဆရာတော်က ဆက်လက်မိန့်ကြားရာတွင် "ဒီပွဲတော်က သံဃာတွေ များတာ ဒီနှစ်မှ မဟုတ်ဘူး။ မနှစ်ကလည်း သံဃာအပါး ဒီလောက်ဘဲ၊ အခု သူ(စစ်တပ်အာဏာပိုင်)တို့က ဆွမ်းလာလှူဒါန်းသူတွေနဲ့ သံဃာတော်တွေကို တစ်မျိုးတင်နေကြတာ၊ သူတို့ပုံစံက ခပ်မာမာ ရန်လာစတာမျိုး၊ စိတ်အေးအေးနဲ့ ကောင်းမှုကုသိုလ် မလုပ်နိုင်ကြဘူး။ ဒီပွဲတော်က နှစ်စဉ်နှစ်တိုင်းကျင်းပလာတဲ့ မွန်အမျိုးသားတွေရဲ့ ဘာသာရေးပွဲတော်ဖြစ်တယ်၊ နှစ်ပေါင်းမရေမတွက်နိုင်တော့ဘူး''

ယခုနှစ် ရိုးဂိုး ဆီဆွမ်းကြီးလောင်းလှူပွဲသို့ မော်လမြိုင်မြို့ပေါ်မှ အကြီးဆုံးစာသင်တိုက်များဖြစ်သော စိန်မမ၊ ရဲကျောင်း၊ အောက်ဗဂိုးနှင့်ဆင်ဖြူကျောင်းများအပါအဝင် မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရော၊ ဘီလူးကျွန်းမြို့နယ်တို့မှ ဘုန်းကြီးကျောင်း ၁၀၀ ကျော်၊ သံဃာတော်အပါး ၇၀၀၀ ကျော် ကြွချီခဲ့ကြသည်။

No comments:

Post a Comment