တိုင်းရင်းသားအသံ
မော်လမြိုင်ရှိ အင်တာနက်ဆိုင်များကို ည ၈ နာရီမှာ ပိတ်ခိုင်း
Tue 30 Sep 2008, လွတ်လပ်သောမွန်သတင်းအေဂျင်စီ
သံဃာတော်များ၏ သပိတ်မှောက်ကံဆောင်မှု နှစ်ပတ်လည်နေ့တွင် လူထုအုံကြွမှု မဖြစ်ပေါ်စေရန်အတွက် လုံခြုံရေးအကြောင်းပြကာ မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်ရှိ အင်တာနက်ဆိုင်များကို ည ၈ နာရီတွင် ပိတ်ရန် အာဏာပိုင်များက ဆိုင်များကို လိုက်လံအမိန့်ထုတ်ထားသည်။
ယခင်တုန်းကဆိုရင် ဆိုင်များကို ညဆယ့်တစ်နာရီမှ ၁၂ နာရီအထိ ဆိုင်များကို ဖွင့်လှစ်သုံးဆွဲ နိုင်ခဲ့သော်လည်း မနေ့တနေ့ကစပြီး အာဏာပိုင်များက စတင်ပိတ်ခိုင်းခဲ့သည်။
"ညခုနှစ်နာရီတုန်းက ဈေးကြီးမှာ ကျနော်သွားတက်တယ်။ စစ်သားနှစ်ယောက်က စောင့်နေတာတွေ့ရတယ်။ ကျနော်တို့ကိုလည်း ညရှစ်နာရီကျော်ပြီးရင် အင်တာနက်မပေးသုံး တော့ဘူးလို့ ဆိုင်ရှင်ကပြောတယ်" ဟု မော်လမြိုင်မြို့တွင် အင်တာနက်သုံးစွဲသူတစ်ဦးက ပြောသည်။
မော်လမြိုင်မြို့တွင် MYC၊ MCC၊ POST၊ INFORMATIC၊ HTAKASON နှင့် SKY NET တို့ရှိပြီး စာသင်တိုက်သံဃာတော်များနှင့် မော်လမြိုင်မြို့တက္ကသိုလ်ကျောင်းသားများက ကမ္ဘာနိုင်ငံများ နှင့် ဆက်သွယ်ရာတွင် အားထားရသော ဆိုင်များဖြစ်သည်။
အင်တာနက်အသုံးပြုသူများ၏ ပြောပြချက်အရ အင်တာနက်အသုံးပြုသူများကို စောင့်ကြပ် နေပြီး ပြည်ပရှိ အတိုက်ခံမီဒီယာကွန်ရက်များကို မဖွင့်လှစ်နိုင်ရန် တားမြစ်ထားခဲ့သည်။ ထို့အပြင် မော်လမြိုင်မြို့ပေါ်ရှိ လူသူသွားများသော ဘုရားနှင့် နေရာများကို လုံခြုံရေးတိုးချ ထားပြီး ရဲကျောင်းတိုက်၊ ဆင်ဖြူကျောင်းတိုက်နှင့် တက္ကသိုလ်ကျောင်းသားများကို အနီးကပ် စောင့်ကြည့်နေခဲ့သည်ဟု ဆိုသည်။
No comments:
Post a Comment