Pages

Friday, October 17, 2008

ခြံမြေထပ်မံသိမ်းဆည်းမည်ကို ဘာသာရေးခေါင်းဆောင်များ၏ အကူအညီဖြင့် နေပြည်တော်သို့တိုင်ကြားရန်စီစဉ်

တိုင်းရင်းသားအသံ
ခြံမြေထပ်မံသိမ်းဆည်းမည်ကို ဘာသာရေးခေါင်းဆောင်များ၏ အကူအညီဖြင့် နေပြည်တော်သို့တိုင်ကြားရန်စီစဉ်

Thu 16 Oct 2008,
အာကာ
(လွတ်လပ်သောမွန်သတင်းအေဂျင်စီ)

မုဒုံမြို့နယ် အဘစ်ကျေးရွာအခြေစိုက် အမှတ်(၃၁၈) လက်နက်ကြီးတပ်ရင်းမှ တပ်မြေပြင်ပရှိ ရာဘာခြံ (၂၅၀) ဧကခန့်အား ထပ်မံသိမ်း ဆည်းမည်ကို မခံရပ်နိုင် သော ခြံရှင်များသည် ဘာသာရေးခေါင်ဆောင်များ၏ အကူအညီဖြင့် နေပြည်တော်သို့ တင်ပြရန် စိုင်းပြင်းလျက်ရှိသည်ဟု ၄င်းအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းတပ်ရင်းသည် လွန်ခဲ့သော အောက်တိုဘာလ (၇) ရက်နေ့တွင် ၄င်းတို့၏ တပ်တွင်းဖူလှုံရေးနှင့် တပ်ရံပုံငွေ ရရှိရန်အတွက် ၄င်းရာဘာခြံမြေ (၂၅၀) ဧကခန့်ကို ထပ်မံသိမ်းဆည်းရန် ခြံရှင်များအား အသိပေးခဲ့ပြီးသည့်နောက်တွင် ယခုကဲ့သို့ တိုင်ကြားရန်အကြောင်းဖြစ် ပေါ်လာခဲ့သည်။


အမှတ် (၃၁၈) လက်နက်ကြီးတပ်ရင်းသည် ယခုကဲ့သို့ တပ်မြေပြင်ပရှိ ခြံမြေများ ကို သိမ်းဆည်းခြင်းသည် (၃)လအတွင်း ဒုတိယအကြိမ်မြောက် သိမ်းဆည်းခြင်းဖြစ်ပြီး ပထမအကြိမ်တွင် ခြံမြေ (၂၀၀) ဧကကျော် သိမ်းဆည်းခဲ့သည်ဟု ခြံရှင်အသိုင်းအဝိုင်း က ဆိုသည်။

ယခုသိမ်းဆည်းရန် အသိပေးခံရသောခြံမြေတွင် ရာဘာပင် (၄၀၀၀၀) ခန့်ရှိပြီး ထက်ဝက်ခန့်မှာ အစေးထုတ်လုပ်နိုင်သော အပင်များဖြစ်သည်ဟု ၄င်းကဆိုသည်။

၎င်း၏ပြောပြချက်အရ ယခုထပ်မံသိမ်းဆည်းမည့် မြေဧက (၂၅၀) ခန့်သည် ၄င်းတပ်ရင်းသို့ တစ်ဧက (၁) သိန်းကျပ် ပေးဆောင်ရမည်ဖြစ်ပြီး အစေးခြစ်နိုင်သောအ ပင်မှ ထုတ်ပြီးသောအစေး (၃၀ဎ) ကိုလည်း ၄င်းတပ်ရင်းသို့ ထပ်မံပေးဆောင်ရမည်ဟု တပ်ရင်းအရာရှိတို့က ခြံရှင်များအား အကြောင်းကြားထားသည်ဟု ဆိုသည်။

"အစေးခြစ်နိုင်တဲ့ အပင်ရော၊ မခြစ်နိုင်သေးတဲ့ အပင်ရော တစ်ဧက တစ်သိန်း ပေးရမယ်။ နောက်ပြီး ခြစ်နိုင်တဲ့အပင်က အစေးပေါင် (၁၀၀) မှာ သူတို့ကို ပေါင် (၃၀) ပေးရဦးမယ်။ ကျနော်တို့ဘယ်လိုမှ မတတ်နိုင်ဘူး၊ ဘယ်လိုမှ မပေးနိုင်ဘူး၊ ဒါဟာ ကျနော်တို့အပေါ် သက်သက် စော်ကားတာပဲ။ ဒါကြောင့် ကျနော်တို့က ဆရာတော် သံဃာတော်တွေကို အကူအညီတောင်းပြီး နေပြည်တော်ကို တိုင်ကြားဖို့ စီစဉ်ရခြင်း ဖြစ်တယ်'' ဟု ခြံရှင်တစ်ဦးက ပြောသည်။

၎င်းအသိမ်းခံရမည့် ခြံရှင်များသည် မုဒုံမြို့နယ် အဘစ်ကျေးရွာ၊ ဆက်သွယ်ကျေး ရွာနှင့် ဒိုးမားကျေးရွာများမှ ဖြစ်ပြီး ဘာသာရေးခေါင်းဆောင် ကျောင်းထိုင် ဆရာတော် (၇) ပါးအား အသနားခံ အကူအညီတောင်းခဲ့ကြသည်ဟု ၄င်းခြံရှင်က ဆိုသည်။

စစ်အစိုးရသည် တပ်တွင်းဖူလှုံရေးနှင့် တပ်ရန်ပုံငွေအတွက် ကိုယ်အားကိုယ်ကိုး စနစ် ချမှတ်ခဲ့သည့်အတွက် ယခုကဲ့သို့ တပ်မြေပြင်ပမှ ခြံမြေများကို သိမ်းဆည်းရခြင်း ဖြစ်သည်ဟု တပ်မိသားစုအသိုင်းအဝိုင်းမှ ပြောသည်။

လွန်ခဲ့သော သြဂုတ်လ တတိယသီတင်းပတ်တွင်လည်း အမှတ် (၃၁၅) လက်နက်ကြီးတပ်ရင်းမှ သံဖြူဇရပ်မြို့နယ် ဝယ်ဝင်ကရာကျေးရွာနှင့် ပငကျေးရွာတဝိုက်ရှိ ရာဘာခြံ (၂၀၀) ဧကခန့်ကို သိမ်းဆည်းခဲ့သေးသည်။

No comments:

Post a Comment