Pages

Tuesday, January 20, 2009

တိုင်းရင်းသူအမျိုးသမီးများအရေး ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်မည်

တိုင်းရင်းသားအသံ
တိုင်းရင်းသူအမျိုးသမီးများအရေး ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်မည်

ဇော်ကြီး။
ဇန္န၀ါရီလ ၂၀ ရက်၊ ၂၀၀၉ ခုနှစ်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသူအမျိုးသမီးများအပေါ် အမျိုးသမီးအခွင့်အရေးချိုး ဖောက်ခံရမှု၊ အကြမ်းဖက် ခံရမှုများအား ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာများ ပိုမိုသိရှိအောင် အဓိကထား ဆောင်ရွက်မည်ဟု ပဉ္စမ အကြိမ်မြောက် ညီလာအပြီးတွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ထုတ်ပြန်သည်။

အသစ်ရွေးခြယ်တင်မြှောက်ခံရသော အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၏ အထွေထွေအတွင်းရေးမှူး လွေးအေးနန်းက "အဖွဲ့ချုပ်အနေနှင့် တစ်ခုလုံး တစ်စုံလုံးအနေနဲ့ လုပ်ပေး နိုင်တာက သတင်းအချက် အလက်တွေ အကုန်လုံး စုဆောင်းပြီးလို့ရှိရင် နိုင်ငံတကာကို ထိုးဖောက်ပြီး UN ကို ရောက်အောင် သတင်းအချက်အလက်တွေကနေတဆင့် အဖွဲ့ချုပ် အနေနဲ့ သယ်ဆောင်ပေးတဲ့ဟာမျိုးပေါ့နော်၊ ဒီစည်းရုံးလှုံ့ဆော်ရေးတွေ လုပ်သွားတဲ့ဟာမျိုး တွေပေါ့ အဲတာ အဖွဲ့ဝင်တွေနဲ့ တွဲပြီးတော့လုပ်မယ်။" ဟု ပြောသည်။

မြန်မာနိုင်ငံတွင်း နယ်မြေဒေသပေါင်းစုံရှိ အမျိုးသမီးအဖွဲ့များသည် တိုင်းရင်းသူအမျိုးသမီးများအား ကိုယ်စား ပြုသည့် အဖွဲ့တစ်ဖွဲ့ချင်းစီမှ မိမိသက်ဆိုင်ရာဒေသအလိုက် လုပ်ကိုင် ဆောင်ရွက်မှုများ ဖြစ်ပျက်ခဲ့မှုများကို အချက် အလက်ရှာဖွေစုဆောင်းပြီး တင်ပြမည်ဟု ၎င်းက ပြောသည်။

မြန်မာစစ်အစိုးရမှ တိုင်းရင်းသူ အမျိုးသမီးများအပေါ် လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်ခြင်း၊ ကျား၊မ ခွဲခြားဆက်ဆံခြင်း၊ လူကုန်ကူးခြင်း စသည့် အမျိုးသမီး အခွင့်အရေးချိုးဖောက်ခံရမှုများကို တာဝန်ယူ ဖြေရှင်းနိုင်ခြင်း မရှိပဲ ဆက်လက် ကျူးလွန်လျှက်ရှိသည်ဟု ထောက်ပြပြောဆိုထားသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ရာ၌ အတိုက်အခံ အင်အားစုကြားတွင် စည်းလုံးညီညွတ်မှု လိုအပ်သည်ဟု လွေးအေးနန်းက ပြောသည်။

"ဒီမိုကရေစီ အင်အားစုတွေကြားမှာရော ဒီအတိုက်အခံအင်အားစုတွေကြားမှာရော စည်းလုံးညီညွတ်မှု ကလိုအပ်တယ် ကျမတို့ပန်းတိုင်ရောက်ရှိဖို့အတွက်ကော၊ ဆိုတော့ ကျမတို့ လုပ်နေတဲ့ လုပ်ဆောင်မှု ကလည်း စည်းလုံးညီညွတ်မှုနဲ့ ဒီမိုကရေစီရရှိဖို့ အတွက် လုပ်ဆောင်နေတယ် အဲဒီတော့ စည်းလုံး ညီညွတ်မှရမယ်၊ အဲဒီယုံကြည်ချက်ကြောင့်မို့လို့ ကျမတို့တွေက ဒီစည်းလုံးညီညွတ်မှုကိုပြိုကွဲစေမဲ့ လုပ်ရပ်တွေကို အားပေးထောက်ခံမှာ မဟုတ်ဘူးပေါ့နော် ပူးပေါင်းဆောင်ရွက်သွားမှာလဲမဟုတ်ဘူး။"

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ပဉ္စမအကြိမ် ညီလာခံကို ၂၀၀၉ ခုနှစ် ဇန္န၀ါရီလ ၁၅ ရက်နေ့မှ ၁၇ ရက် နေ့ထိ ကျင်းပခဲ့ပြီး၊ အမျိုးသမီးအဖွဲ့ (၁၂) ဖွဲ့မှ အဖွဲ့ဝင် စုစုပေါင်း (၅၅) ဦးတက်ရောက်ဆွေးနွေးကာ အတွင်းရေး မှူးအဖွဲ့ဝင် (၃) ဦးကို ရွေးချယ်တင်မြောက် ခဲ့သည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကို ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံမှ အမျိုးသမီးအဖွဲ့ စုစုပေါင်း (၁၂) ဖွဲ့ဖြင့် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့ တွင် ဖွဲ့စည်းခဲ့သည်။

No comments:

Post a Comment