Pages

Saturday, January 9, 2010

စကခ ၅ လက်အောက်ခံ တပ်ရင်း ၆ ရင်း ရှေ့တန်းမှ ရခိုင်သို့ ပြန်ရောက်

တိုင်းရင်းသားအသံ

စကခ ၅ လက်အောက်ခံ တပ်ရင်း ၆ ရင်း ရှေ့တန်းမှ ရခိုင်သို့ ပြန်ရောက်

1/8/2010

မင်းအောင်(နိရဉ္စရာ) ရခိုင် တောင်ကုတ် အခြေစိုက် စကခ ၅ မှ တပ်ရင်း ၆ ရင်းသည် ထိုင်း မြန်မာနယ်စပ် ရှေ့တန်းမှ ၎င်းတို့ အခြေစိုက်ရာ ရခိုင်ပြည်ရှိ နောက်တန်း တပ်ရင်းများသို့ မကြာသေးမီက ပြန်လည် ရောက်ရှိလာသည်။

နောက်တန်း တပ်ရင်းများသို့ ပြန်လည် ရောက်ရှိလာသည့် တပ်ရင်းများမှာ တောင်ကုတ် အခြေစိုက် ခမရ ၃၄၆၊ ကျောက်ဖြူ အခြေစိုက် ခမရ ၅၄၂၊ ဂွ အခြေစိုက် ခမရ ၅၆၂ နှင့် ခမရ ၅၆၃၊ အမ်းအခြေစိုက် ခမရ ၃၇၁နှင့် ခမရ ၃၇၂ တို့ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့များအား စစ်ဆင်ရေး ပြုလုပ်ရာ ပွင့်လင်းရာသီတွင် နအဖ အာဏာပိုင်များ အနေဖြင့် တိုင်းရင်းသား အဖွဲ့များအား စစ်ဆင်တိုက်ခိုက်ခြင်း မပြုလုပ်ဘဲ ယခုကဲ့သို့ ရခိုင် အခြေစိုက် တပ်ရင်း ၆ရင်းအား နောက်တန်းသို့ ပြန်လည် ခေါ်ယူလာခြင်း အပေါ် လူအများက နားမလည်အောင် ဖြစ်နေကြသည်ဟု တောင်ကုတ်မြို့ခံ တဦးက ပြောသည်။

အဆိုပါ တပ်ရင်းများမှာ ၂၀၀၉ ခုနှစ် နှစ်လယ်ပိုင်းက မြန်မာနိုင်ငံ အရှေ့ဘက်ရှိ ရှေ့တန်း နယ်မြေများသို့ ရောက်ရှိနေသော တပ်ရင်းများ ဖြစ်သည်။

ယခုကဲ့သို့ တပ်ရင်းအများ ပြန်လာခြင်းမှာ မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တချို့နှင့် နအဖတို့အကြား နယ်ခြားစောင့် တပ် ဖွဲ့စည်းရေး သဘောတူညီမှု ရရှိခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဘင်္ဂလားမြန်မာနယ်စပ်မှ စစ်ရေး လေ့လာနေသူ ဦး အောင်ကျော်လှက ပြောသည်။


No comments:

Post a Comment