တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Friday, July 29, 2011

ကိုလိုနီခေတ်မှ ယနေ့ထိတိုင် တိုင်းရင်းသားလူမျိုးများ၏ အခြေအနေ

တိုင်းရင်းသားအသံ

ကိုလိုနီခေတ်မှ ယနေ့ထိတိုင် တိုင်းရင်းသားလူမျိုးများ၏ အခြေအနေ

မိမိတို့အာဏာတည်မြဲရေးအတွက် လူမျိုးရေးကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချသည်မှာ ယခုဒီမိုကရေစီ အစိုးရအမည်ခံ သမတဦးသိန်းစိန်အထိဖြစ်ပါသည်။

ဗြိတိသျှကိုလိုနီခေတ်တိုင်းရင်းသားများအခြေအနေ
အပိုင်း ၁. ဇယားဒေသများ
၁၉၃၅-ခုနှစ် မြန်မာနိုင်ငံ (စီရင်အုပ်ချုပ်မှု) ဥပဒေဒုတိယဇယားတွင် အထူးအုပ်ချုပ်ရေးဖြင့်အုပ်ချုပ်ရန် သတ်မှတ်ထားသည့်ဒေသများကို စာရင်းပြုထားသည်။ အပိုင်း(၁) ဇယားဝင်ဒေသများမှာ ပဒေသရာဇ်ရှမ်းပြည်၊ ပဒေသရာဇ်ရှမ်းပြည်တွင်မပါ၀င်သော ရှမ်းပြည်နယ်များဖြစ်ကြသည့် သောင်သွတ်၊ ချင်ကလိန်း၊ ခန္တီးနှင့် ရခိုင်တောင် တန်းဒေသများ၊ ချင်းတောင်စီရင်စု၊ မြစ်ကြီးနား၊ ဗန်းမော်နှင့်ကသာစီရင်စုတွင်ပါဝင်သော ကချင် တောင်တန်းဒေသ များ၊ တြိဂံနယ်မြေဟုတွင်သောဒေသ၊ အထက်ချင်းတွင်းစီရင်စုမှ မြောက်ဘက်တွင် ရှိသည့် ဟူးကောင်းဒေသဟုတွင် သောဒေသ၊ သံလွင်စီရင်စုနှင့် ဒေသအားလုံးပါ၀င်သည်။

အပိုင်း၂. ဇယားဒေသများ
အပိုင်း(၂)တွင် မပါဝင်သည့် မြစ်ကြီးနား၊ ဗန်းမော်တို့မှ အစိတ်အပိုင်းများ၊ အထက်ချင်းတွင်းစီရင်စုရှိ ဟုမ္မလင်း ဆပ်ဒီဗီဇံ၊ ယခင်တမူးမြို့နယ်မှ ကျေးလက်ဒေသများ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ် မှ မြဝတီ တိုက်နယ်၊ တောင်ငူစီရင်စုအေ့ရှဘက်ခြမ်းနှင့် သထုံစီရင်စုရှိတောင်တန်းဒေသများပါဝင်သည်။ အမှတ် (၂) ဒေသ မှာ ဘုရင်ခံအားစိတ်ကြိုက် ကိုယ်စားလှယ်ခန့်အပ်ခွင့်ပြုထားသည့် ဒေသများဖြစ်ကြသည်။


သို့ရာတွင်အဆိုပါဒေသများနှင့်ပတ်သက်ပြီး ပြန်လည်ညှိနှိုင်းကာ ပြင်ဆင်ထားမှုတချို့ရှိသည်။ သာဓက အားဖြင့် ယခင်က အပိုင်း(၂) အုပ်စုတွင်ပါဝင်သော သံလွင်စီရင်စုကို အပိုင်း(၁) ဒေသဖြင့်ပြုလုပ်လိုက်သည်။


တောင်တန်းဒေသများနှင့် ပြည်မခွဲထားခြင်းကို တို့ဗမာအစည်းအရုံးက မကျေနပ်သဖြင့် အောက်ပါ ဆုံးဖြတ် ချက်ကိုချမှတ်ခဲ့သည်။ (တို့ဗမာအစည်းအရုံးက မြန်မာ၊ မွန်၊ ရခိုင်နှင့် ချင်းတောင်တန်းသားများ အားလုံးကို ဗမာဟုသတ်မှတ်သည်။- စာရေးသူ)


၁၉၃၈-ခုနှစ်တွင် တို့ဗမာအစည်းအရုံးက မော်လမြိုင်ညီလာခံ၌ ဇယားဝင်တောင်တန်းဒေသများအရေးနှင့် ပတ်သက်ပြီး အဆိုတင်သွင်းရာတွင်-


(၁) “တို့ဗမာအစည်းအရုံးကြီးသည် ရှမ်း၊ ချင်း၊ ကချင်၊ ကရင်စသော ဗမာပြည် တိုင်းရင်းသားအားလုံး တို့ကို တသွေးတစိတ်တည်း တို့ဗမာဟုအသိအမှတ်ပြုထားရာ ဗြိတိသျှဓနရှင်တို့က လွတ်လပ်စွာသွေးစုပ်ခွင့် ရနိုင်ရန် အတွက်၄င်း၊ အုပ်ချုပ်ရာ၌ လွယ်ကူစေရန်၄င်း၊ ဤကဲ့သို့ တို့ဗမာအချင်းချင်း သွေးခွဲထားခြင်းတို့ကို တို့ဗမာအစည်း အရုံးကြီး လုံးဝမနှစ်မြို့ကြောင်း ထိုမှတပါး ချွင်းချန်ထားသောနယ်များရှိ တို့ဗမာများနှင့် အုပ်ချုပ် ရေးရနေသော တို့ဗမာများအား စိတ်ဝမ်းကွဲပြားစေရန်အတွက် စီမံထားသောစနစ်ကို ဖျက်ဆီးလိုသဖြင့် သွေးစည်းရန်သွားရောက် နေထိုင်ကြသူ သွေးစည်းနေသူများအား အကြောင်းမဲ့သက်သက် နယ်ခြားဥပေဒေများ နှင့် နှင်ထုတ်ပစ်နေကြာင်း အုပ်ချုပ်ရေးအရ သွေးခွဲထားရုံမကပဲ ဥပဒေပုဒ်မတို့ဖြင့် ထပ်မံသွေးခွဲနေခြင်းကိုမူ ငါတို့အထူး မနှစ်မြို့နိုင်ပေကြောင်း။

"တို့ဗမာအစည်းအရုံးကြီးရှေးရှုအပ်သော ကိုယ့်မင်းကိုယ့်ချင်းစခန်းသည် မြေညီ တို့ဗမာနှင့်သာမက တောင်တန်း ဒေသရှိ တို့ဗမာများနှင့်လည်းသက်ဆိုင်ပေရာ မည်ကဲ့သို့ အနှောင့်အယှက်အချုပ်အချယ် များစေကာမူ တောင်ကုန်း ဒေသများရှိ ချင်း၊ ကချင်၊ ကရင်၊ ရှမ်း၊ စသောတို့ဗမာများနှင့် မြေညီရှိ တို့ဗမာများ သွေးစည်းမှုကို အပတ်တကုတ် ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း” ဟူကာ တောင်တန်းနေတိုင်းရင်းသားအရေးနှင့်ပတ်သက် ပြီး မြန်မာတို့အရေးယူစိတ်ဝင်စားပုံကို ထည့်သွင်းတင်ပြခဲ့ပါသည်။

(၂) ၁၉၄၅-ခုနှစ် သြဂုတ်လ (၁၉)ရက် တနင်္ဂနွေနေ့တွင်ကျင်းပသော နေသူရိန်အစည်းအဝေးကြီးတွင်
တိုင်းရင်းသားပြည်သူတရပ်လုံးနှင့် နိုင်ငံရေးခေါင်းဆောင်များသည် ဖဆပလအဖွဲ့ချုပ်နှင့်ပူးပေါင်းပြီး လွတ်လပ် ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စည်းလုံးညီညွတ်စွာဆောင်ရွက်ရန်အဆိုကိုလည်း တင်သွင်းခဲ့ သည်။

(၃) ၁၉၄၆-ခုနှစ် ဇန်နဝါရီလ (၁၇) ရက် ကြာသပတေးနေ့မှ (၂၃) ရက် ဗုဒ္ဖဟူးနေ့အထိ ရွေတိဂုံ စေတီတော် အလယ်ပစ္စယံ၌ ပထမအကြိမ်နိုင်ငံလုံးဆိုင်ရာ ဖဆပလညီလာခံကြီးကိုကျင်းပခဲ့သည်။ အဆိုပေါင်း (၁၈) ခု တင်သွင်း ဆုံးဖြတ်ခဲ့သည်။


နိုင်ငံလုံးဆိုင်ရာညီလာခံကြီးတွင် ဒီးဒုတ်ဦးဘချိုတင်သွင်းသည့် အဆိုအမှတ် (၆) သည် “တိုင်းရင်းသား လူနည်းစုအရေး” ဖြစ်သည်။ ၎င်းအဆိုကိုပုသိမ်မှ ဦးမြစိန်၊ ဖျာပုံမှ ဦးလှဆွေနှင့် မွန်ဖိုးချိုတို့ကထောက်ခံကြသည်။ ဒီးဒုတ်ဦးဘချို ရှင်းလင်းတင်ပြရာတွင်- "တိုင်းရင်းသားလူမျိုးစုများနှင့် ဗမာအမျိုးသားအများစုတို့ကို တကယ်ပင်ရင်းနှီးရေးအတွက် အောက်ပါအချက် တို့ကိုကွန်ကရက်ကြီးကအသိအမှတ်ပြုကြောင်း။
(၁) ဘာသာတရားကိုလွတ်လပ်စွာကိုးကွယ်ခွင့်ပြုရမည်။
(၂) ယဉ်ကျေးမှုတွင် လွတ်လပ်မှုရှိရမည်။
(၃) စီးပွားရေးတွင်အခွင့်အရေးတူညီရမည်။ (ညီတူညီမျှအောင်လည်း ကြိုးစားရမည်)
(၄) ဗမာနိုင်ငံအသင်းကိုတည်ထောင်ရာ၌ တိုင်းပြည်အတွင်းရှိလူမျိုးတိုင်းက အားလုံးသဘောတူ လွတ်လပ် စွာ တည်ထောင်ရမည်။ ဤသို့တည်ထောင်ရာတွင်လည်း မိမိကြမ္မာ မိမိဘာသာဖန်တီးနိုင်ခွင့်ကိုလည်း လူမျိုးတိုင်းအားပေးရမည်" ဟုလည်းကောင်း၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နှင့်ပတ်သက်၍ --


"လွတ်လပ်သောဗမာပြည်သစ်ကိုတည်ထောင်ရာမှာ တိုင်းရင်းသားလူနည်းစုလူများစုအားလုံး သဘော တူတဲ့ နည်းနဲ့ လွတ်လပ်စွာတည်ထောင်ရန် ကျနော်တို့ကသဘောတူကြောင်းကတိပေးပါသည်။ မည်သည့် တိုင်းရင်း သားလူနည်းစုမဆို မိမိကြမ္မာကိုမိမိဖန်တီးခွင့်ပေးပါမည်။ ကျနော်တို့နှင့်ခွဲလိုသောအခါ ခွဲခွင့်ပြုကြောင်း ကတိပြု ထားပါ သည်။ လူမှန်လျှင်အခွင့်အရေးတူရှိရမည်ကို သဘောပေါက်ပြီးသော ၄၆-ခုနှစ် မြန်မာတို့အပေါ်၌လူနည်းစု ကိုချုပ် ချယ်လိမ့်မည်ဟု သံသယရှိဖွယ်မဟုတ်တော့ပါ" ဟူ၍လည်းကောင်း ပြောကြားခဲ့သည်။


ညီလာခံတွင် ဦးဖေခင်တင်သွင်းသော အဆိုအမှတ် (၇)အရ “နယ်ခြားဒေသများအား ဗမာပြည်မနှင့် ပူးပေါင်းရေး"အဆိုမှာ --
(၁) စက္ကူဖြူစာတန်းအရ ရှမ်းပြည် ချင်းတောင်တန်းနှင့် ကချင်တောင်တန်းဒေသ စသောနယ်များကို ဗမာ နိုင်ငံမှခွဲထုတ်ထားခြင်းကို ဤညီလာခံမှကန့်ကွက်ကြောင်း။
(၂) ၎င်းဒေသမှ နယ်သူနယ်သားများသည် ၎င်းတို့၏ဆန္ဒကိုထုတ်ဖော်နိုင်ရန် လွတ်လပ်စွာ ရေးသားခွင့်နှင့် ဟောပြောစည်းရုံးခွင့်ပေးရန်။
(၃) ချုပ်ချယ်ထားသော ဥပဒေများကိုပယ်ဖျက်၍ ဗမာတို့နှင့်လွတ်လပ်စွာ ကူးလူးဆက်ဆံခွင့် ပေးရန်
(၄) ဗမာတို့နှင့် ခွဲရေးတွဲရေးကို ဗြိတိသျှတို့က မဆုံးဖြတ်ဘဲ ဗမာကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ကိုယ်စားလှယ်အချင်းချင်းသာ လွတ်လပ်စွာဆွေးနွေးဆုံးဖြတ်ရန်။

ထိုအဆိုများကို ကြည့်မည်ဆိုလျှင် ဗမာနှင့်အခြားသောတိုင်းရင်းသားအများ ပူးပေါင်း၍ လွတ်လပ်ရေး အရယူ မည်။ လွတ်လပ်ရေးရလျှင် မည်သည့်ပုံစံဖြင့် ဆက်လက်နေထိုင်သွားမည်ကို အချင်းချင်းညှိနှိုင်းဆောင်ရွက်သွား မည် ဆိုသည့် တူညီသောရည်ရွယ်ချက်ကိုတွေ့ရ၏။

တောင်တန်းသားများအပါ် ဗမာပြည်ကွန်မြူနစ်ပါတီ၏ သဘောထား
၁၉၄၇-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းပါ အပိုင်း-၁၆၁-ကိုဆွေးနွေးရာ၌ အပိုင်း-၁၆၁-တွင် “သက်ဆိုင် ရာပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ဝင်သောနေ့မှစ၍ ဆယ်နှစ်အတွင်းတွင် ခွဲထွက်နိုင်သော အခွင့်အရေးကိုမသုံးစွဲရ” ဟုပါရှိသည်။ ဤအကြောင်းအရာနှင့်စပ်လျဉ်း၍ သခင်သန်းဖေ (ကွန်မြူနစ်အမတ်) က…"နိုင်ငံအသီးသီးက သူတို့အလိုလျှောက်ပေါင်းဖို့ကောင်းပါတယ်။ Voluntary Union ခွဲထွက်ချင်တဲ့အခါ ခွဲထွက် နိုင်တယ်ဆိုတဲ့မူက ကျနော်တို့အဖို့ဆိုရင် အကောင်းဆုံးလို့ယူဆပါတယ်။ ဒီတော့ဒီမူမှာ ကျနော်တို့ ပြန်ကြည့်လိုက် မယ်ဆိုရင် သည်အချက်ကိုဆန့်ကျင်ပြီး လူနည်းစုအခွင့်အရေးတွေကိုအချုပ်အချယ်လုပ်သလို ဖြစ်တယ်လို့ ကျနော် တို့ထင်မြင်မိပါတယ်။"


ဗြိတိသျှနယ်ချဲ့သမားသည် မြန်မာနိုင်ငံကို စစ်ပွဲ ၃ ကြိမ်တိုက်ခိုက်ပြီး ၁၈၈၆-ခုနှစ်တွင် မြန်မာဘုရင် သီပေါ ကိုဖမ်းဆီးကာ ၁၈၈၆-ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် ဗြိတိသျှကိုလိုနီအဖြစ်ကြေညာခဲ့သည်။ မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံ၏ ပြည်နယ်တခုအဖြစ်သတ်မှတ်ပြီး အိန္ဒိယဘုရင်ခံချုပ်၏အုပ်ချုပ်မှုအောက်သို့ အိန္ဒိယပြည်နယ် အတိုင်း အုပ်ချုပ်ခဲ့သည်။ ၁၉၃၅-ခုနှစ်တွင် မြန်မာနိုင်ငံကို အိန္ဒိယမှခွဲလိုက်သည်။ မြန်မာနိုင်ငံကို ၁၉၃၅-ခုနှစ် မြန်မာနိုင်ငံ အက်ဥပဒေအရ တောင်တန်းဒေသနယ်ခံ (၁) နှင့် (၂) ဟုခွဲထားပြီး ပြည်မနှင့်ခွဲကာ အုပ်ချုပ်ခဲ့သည်။


အုပ်ချုပ်ရေး စနစ်အရ မြန်မာနိုင်ငံတွင် လွှတ်တော်နှစ်ရပ်ထားရှိသည်။ အောက်လွှတ်တော်( House of Representative) နှင့်ဆီးနိတ် ခေါ် အထက်လွှတ်တော်တို့ဖြစ်သည်။ အထက်လွှတ်တော်တွင် အမတ်(၁၈) ဦးကို အောက်လွှတ်တော်အများအထဲမှ အချိုးကျကိုယ်စားလှယ်ရွေးချယ်သည့်စနစ်ဖြင့် ရွေးချယ်ရပြီး (၁၈) ဦးကို ဘုရင်ခံက ၄င်း၏သဘောကျခန့်အပ်နိုင်သည်။ (စုစုပေါင်း ၃၆ ဦး) အောက်လွှတ်တော်တွင် အမတ် (၁၃၂) ရှိရာ အထွေထွေ မဲဆန္ဒနယ်များမှ (၉၁)ဦး၊ လူမျိုးအလိုက်မဲဆန္ဒနယ်မှ (၂၅)ဦး၊ ကူးသန်းရောင်းဝယ်ရေးအလုပ်သမား များနှင့် တက္ကသိုလ်ကိုကိုယ်စားပြုသော အထူးမဲဆန္ဒနယ်များမှ (၁၆)ဦး သတ်မှတ်ထားသည်။


*မှတ်ချက်- လူမျိုးအလိုက်ကိုယ်စားလှယ်(၂၅)နေရာအနက် အိန္ဒိယလူမျိုးများအတွက် (၈) နေရာ၊ ဥရောပ တိုက်သားများအတွက် (၃) နေရာ၊ အင်္ဂလိပ်မြန်မာကပြားများအတွက် (၂)နေရာ၊ ကရင်လူမျိုးများအတွက် (၁၂) နေရာသတ်မှတ်ထားသည်။

ပင်လုံသဘောတူညီချက်

၁၉၄၇-ခုနှစ်တွင် ရှမ်း၊ ကချင်၊ ချင်းကိုယ်စားလှယ်များ၊ ဘုရင်ခံ၏အတိုင်ပင်ခံကိုယ်စားလှယ် ဗိုလ်ချုပ် အောင်ဆန်း တို့၏သဘောတူဆုံးဖြတ်ချက်ဖြစ်သည့် (၁) နိုင်ငံရေးတန်းတူညီမျှမှု၊ (၂) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ (၃) ခွဲထွက် လိုက ခွဲထွက်ပိုင်ခွင့် စသောအင်္ဂါရပ်များ ပါဝင်သည့် ပြည်ထောင်စုတခုတည်ဆောက်ရန် လိုအပ်သည်ဟု အခြေခံသော သဘောတူညီချက်တို့ကို ရရှိကြသည်ဖြစ်၍ မြန်မာ့လွတ်လပ်ရေးကိုအတူတကွယူကြမည်ဟူ သည့် သဘောတူချက်ကို ၁၉၄၇-ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင် ပင်လုံတွင်ရေးထိုးခဲ့သည့်စာချုပ်ကို 'ပင်လုံစာချုပ်' ဟုအတည်ပြုခဲ့သည်။ ၄င်းစာချုပ်သည် စာဖြင့်ရေးထားသောသဘောတူညီချက် (Agreement in writing) ဟု ခေါ်သည်။


ဤစာချုပ်ဖြစ်မြောက်ရေးအတွက် ပင်လုံညီလာခံမတိုင်မီစတင်၍ နောက်ဆုံးအပေးအယူလုပ်ခဲ့ကြသောသဘော တူညီချက်များသည် (Unwritten agreement) ဖြစ်သည်။

ပင်လုံစာချုပ်အရ မြန်မာပြည်မ (Ministerial Burma) နှင့် တောင်တန်းသားများသည် ၁၉၄၈-ခုနှစ်၊ ဇန်နဝါရီ လ (၄)ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံလွတ်လပ်ရေးကို ကြေညာခဲ့သည်။ လွတ်လပ်ရေးနှင့်အတူ ကွန်မြူနစ်သူပုန်၊ ပြည်သူ့ရဲဘော်၊ ရဲဘော်ဖြူသူပုန်များနှင့် လူမျိုးရေးသူပုန်များပေါက်ဖွားခဲ့သည်။လူမျိုးရေးသူပုန် ၌ တောင်တန်းဒေသတွင် ပါဝင်သည့် ရှမ်း၊ ကချင်၊ ချင်း၊ မပါဝင်သော်လည်း တောင်တန်းဒေသတွင်ပါဝင်သော ကရင်က ပြည်နယ်မရရှိ၍ ပြည်နယ်တောင်းဆိုခဲ့သည်ဟုဆိုရပေမည်။ ကရင်နှင့်အတူ ပူးတွဲပါဝင်သော မွန်နှင့် ကရင်နီ(ကယား) တို့မှာ အင်အားမတောင့်တင်းသော်လည်း ကရင်သည် ရန်ကုန်နှင့်တဆက်တည်း (၁၀) မိုင်ခန့် ဝေး သောအင်းစိန်ကို သိမ်းထားနိုင်သဖြင့် ဖဆပလအစိုးရကို ရန်ကုန်အစိုးရဟု အများကသမုတ်ကြသည်။ ထို့ကြောင့် ကရင်အင်အားကို ပထမဖြိုရန် ဖဆပလက စွပ်စွဲချက်အမျိုးမျိုးဖြင့် ကရင်တို့သည်နယ်ချဲ့အင်္ဂလိပ် ထံမှ လက်နက်ရယူသည်၊ နက်ချဲ့ လက်ပါးစေဟု နိုင်ငံရေးအရ တိုက်ခိုက်သည့်အပြင် ကရင်-ဗမာကဓိကရုဏ်းကို ဖန်တီးသည်။ လူမျိုးရေးစိတ်ဓါတ်၊ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓါတ် ပြင်းထန်သော ပြည်သူ့ရဲဘော်တပ်ဖွဲ့များသည် ဖဆပလသို့ပြောင်းလှည့်ထားသော လက်နက်များကို ကရင်ဘက်သို့ ပြောင်းလှည့်တိုက်ခိုက်သဖြင့်ကရင်အင်အား ကျဆင်းပြီး ရန်ကုန်မှတောင်ငူသို့ ပြောင်းရွေ့ခဲ့ရသည်။


လွတ်လပ်ပြီးခေတ်

အင်းစိန်တိုက်ပွဲတွင်ပါဝင်ခဲ့သော သက်ရှိထင်ရှား ပြည်သူ့ရဲဘော်ခေါင်းဆောင်က ကျနော့်ကိုပြောပြသည်မှာ (ဟိုတုန်းက နယ်ချဲ့သမားလက်ကိုင်တုတ် လူမျိုးရေးအရနှိပ်စက်သူသဘောနဲ့ တိုက်တာ၊ ဒီအကြောင်းတွေ ကျနော် စဉ်းစားမိတော့ အိပ်မပျော်ဘူး၊ ဖဆပလအစိုးရဟာ သူတို့တည်မြဲရေးအတွက် လူမျိုးရေးကို နိုင်ငံရေး လှည့်ကွက်ထဲ အသုံး ချသွားမှန်းသိတော့ နောက်ကျသွားပြီကိုး၊ နောက်နောင်ထပ်မမှားဖို့ဘဲရှိ တော့တယ်) ဟု ရင်ဖွင့်သွားခဲ့သည်။


မိမိတို့အာဏာတည်မြဲရေးအတွက် လူမျိုးရေးကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချသည်မှာ ယခုဒီမိုကရေစီ အစိုးရအမည်ခံ သမတဦးသိန်းစိန်အထိဖြစ်ပါသည်။

၎င်းတို့နှင့်သက်ဆိုင်ရာကို တင်ပြရလျှင် ၁၉၆၂-ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းစဉ်က ၁၉၆၂ ခု၊ မတ်လ (၄)ရက်နေ့တွင် ပထစခေါင်းဆောင်များ၊ ဖဆပလခေါင်းဆောင်များ၊ ပမညတခေါင်းဆောင်တို့အား တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသောအခြေအနေကိုဆွေးနွေးသည်။ ဆွေးနွေးပွဲတွင် တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး နေဝင်းက "တိုင်းပြည်တွင်ကုန်ဈေးနှုန်း အဆမတန်တက်နေသောကိစ္စနှင့် တရားဥပဒေစိုးမိုးမှုပျက်ပြား နေသော ကိစ္စတို့ ကိုပြောကြား၍ ဖက်ဒရယ်ကိစ္စတွင် အလွန်တင်းမာလာသောကြောင့် မလွှဲမရှောင်သာ တိုင်းပြည်တာဝန် ကို ထိန်းသိမ်း ရခြင်းဖြစ်ကြောင်း ရှင်းပြသည်။ တော်လှန်ရေးကောင်စီသည် ဆိုရှယ်လစ်ပန်းတိုင်သို့ချီတက် သွားမည်ဖြစ်ကြောင်း၊ ထိုသို့ချီတက်ရာတွင် နိုင်ငံရေးပါတီများနှင့်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း။"


ဗိုလ်ချုပ်ကြီးနေဝင်း၏ပြောကြားချက်များသည် ဖက်ဒရယ်ခွဲထွက်ရေးကို အကြောင်းပြ၍ လူမျိုးကြီးအစွဲ အလန်းရှိ နေသေးသော ဗမာလူထုကိုစည်းရုံး၊ ကိုယ့်ကျိုးစွန့်တိုက်ပွဲဝင်နေသောဆိုရှယ်လစ်နိုင်ငံ တည်ဆောက်မည်ဟု ကြွေးကြော်သဖြင့် လက်ဝဲစွဲပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံးကို စည်းရုံးသည့်မဟာဗျူဟာ ဖြစ်သည်။ ဤဗျူဟာကြောင့် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းခြင်းကို ကန့်ကွက်သူမရှိသလောက်ရှိသွားပြီး ဗိုလ်ချုပ်ကြီးနေဝင်းသည် အတိုက်အခံ မရှိ အေးအေးဆေးဆေး အာဏာသိမ်းအုပ်ချုပ်နိုင်ခဲ့သည်။


၁၉၆၂-ခုနှစ်၊ မတ်လ (၇)ရက်နေ့တွင် တော်လှန်ရေးကောင်စီအဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူးချုပ်အောင်ကြီးနှင့် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးကြီးစောမြင့်တို့သည် ဒဂုံရိပ်သာ၌ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပခဲ့သည်။ ထို သတင်း စာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်အောင်ကြီးက "အာဏာသိမ်းတဲ့ကိစ္စဟာ သာမန်အားဖြင့် နိုင်ငံရေး၊ စီးပွားရေး တို့အပေါ်မှာ မူတည်ပြီးသိမ်းခြင်းဖြစ်ပါတယ်၊ ဒီဗမာပြည်မှာတော့အာဏာသိမ်းရခြင်းအကြောင်းက တော့ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးနဲ့ နောက်ဆုံး ဖက်ဒရယ်မူအရေးကိစ္စတို့ကြောင့် သိမ်းရတာဖြစ်ပါတယ်။"


နိုင်ငံတော်အာဏာကိုသိမ်းယူရန် ကြိုတင်စီစဉ်ရာတွင် ပါဝင်ခဲ့သူတဦးဖြစ်သည့် ဗိုလ်မှူးချုပ်တင်ဖေကမူ ၁၉၆၂-ခုနှစ် အာဏာသိမ်းယူခဲ့ရသည့် အဓိကအကြောင်းရင်းမှာ ပြည်ထောင်စုကြီးအတွင်းမှ ရှမ်းပြည်နယ် ခွဲထွက်မည်ကို စိုးရိမ်သောကြောင့်ဖြစ်ကြောင်း၊ ပြည်ထောင်စုမှရှမ်းပြည်ခွဲထွက်ခြင်းဟူသော အန္တရာယ်ကိုတားဆီးနိုင်ရေး အတွက် တပ်မတော်ကနိုင်ငံတော်အာဏာကိုသိမ်းယူရန် ၁၉၆၁-ခုနှစ် နိုဝင်ဘာလကစတင်၍ လျှို့ဝှက်စွာစီစဉ် ခဲ့ကြောင်း အတိအလင်းပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ဦးနု၏ ၁၉၆၁-ခုနှစ် ဇူလှိုင်လ (၁၁) ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့စဉ် ဦးနုက "ရှမ်းပြည် နယ်ကိုယ်စားလှယ်ကြီးတွေနှင့်တွေ့ဆုံပြီး ရှမ်းမူနှင့်ပတ်သက်၍ ကျနော့်အနေနဲ့လေ့လာပြီးတဲ့အတွက် ဒီနေ့ သတင်းစာရှင်းလင်းပွဲခေါ်ယူကာ ရှင်းလင်းပြောပြခြင်းဖြစ်ပါတယ်၊ ကျနော်လေ့လာကြည့်တဲ့အခါ သူတို့လုပ်တာ မမှား ဘူး၊ ရှမ်းမူရေးဆွဲပြီး သူတို့နဲ့သဘောတူတဲ့လူနည်းစုကို ဖိတ်ကာ ဆုံးဖြတ်ချက်တွေချ၍ အစိုးရအဖွဲ့ကို တင်ပြတာ မမှားဘူး။"


"ပြည်ထောင်စုအစိုးရက ယခုအပတ်ပါလီမန်တွင် ဖြစ်နိုင်ရင်အခြေခံဥပဒေထဲမှာ လုပ်ငန်းလုပ်ရာမှာ အခက် အခဲတွေ့နေတဲ့ပုဒ်မတွေပြင်ဖို့ စိတ်ကူးပြီး ပြင်ဆင်ချက်ရှိတာတွေကိုပြင်ဆင်ချင်ရင် တင်ပြရန်ခွင့်ပေးချက်အရ လုပ်ကြခြင်းသာ ဖြစ်ပါတယ်။ အစိုးရခွင့်ပြုချက်အရ ဒါတွေလိုချင်တယ်ဆိုတာ ဆုံးဖြတ်ချက်ချပြီး တောင်းလာတာ ဒီမို ကရေစီအခွင့်အရေးကို သူတို့အသုံးပြုခြင်းသာဖြစ်ပါတယ်။ သူတို့ဒီမိုကရေစီအခွင့်အရေးသုံးတာကို အစိုးရ အဖွဲ့က စိတ်ဆိုးစရာမရှိဘူး၊ ရှမ်းမူရေးဆွဲခြင်းကို စိတ်မဆိုးဘူး၊ ဒါပေမဲ့ တိုင်းပြည်မှာ သို့လောသို့လော အထင်မှား ဖြစ်တယ်၊ ကျနော်တို့အနေနဲ့လည်း အထင်မှားချက်တချက်နှစ်ချက်ရှိခဲ့တယ်၊ ဒီထင်မြင်မှားချက်တွေကိုစဝ်ခွန်ချို နဲ့ နှစ်ကြိမ်တွေ့ ဆုံပြီး ရှင်းလင်းပြောပြတဲ့အခါမှာ အထင်မှားချက်တွေ ပျောက်ကုန်တယ်။"


"ကျနော်ဟာ စဝ်ခွန်ချိုနဲ့တွေ့တဲ့အခါ ရှမ်းမူရေးဆွဲပြီး သဘောတူတဲ့လူတွေဖိတ်ခေါ်ကာ ထောက်ခံခြင်းမှာတရား သောလုပ်ငန်းဖြစ်ပါတယ်။ ဒါပေမဲ့ ရှမ်းမူတင်ပြပြီး ပြင်ပေးရင်ပြင်ပေး၊ မပြင်ပေးရင်ချမယ်ဆိုရင် ဒီမိုကရေစီ ဘောင်က လွတ်သွားမယ်။ ရှမ်းမူအတိုင်းပြင်မပေးရင် ချမယ်ဆိုတာကို တာဝန်ရှိသူတွေကမပြောဘူး၊ တာဝန်မရှိ တဲ့သူ တွေ တယောက်နှစ်ယောက် ပြောနေတဲ့အတွက် တာဝန်မဲ့ဒီမိုကရေစီ အပြင်ဘက်ရောက်နေတာမျိုး မဖြစ် အောင် ထိန်းပါလို့ ပြောခဲ့ပါတယ်။ ဒီလိုပြောတဲ့အခါမှာ စဝ်ခွန်ချိုက ရှမ်းမူကိုပြင်မပေးရင် ချမယ်လို့ ပြောတဲ့ လူရှိရင် တရား ဥပဒေအရ အရေးယူပါ လို့ပြောတယ်။"


"အခုသူတို့လုပ်နေတဲ့လမ်းစဉ်ဟာ ပေးရင်ပေး မပေးရင်ချမယ်ဆိုတဲ့ လမ်းစဉ်မဟုတ်၊ ကျနော်တို့ကလည်း မင်းတို့ချရင် ဒို့ကလဲချမယ်ဆိုတဲ့ လမ်းစဉ်မဟုတ်၊ မိသားစုတွေ လုပ်ရိုးလုပ်စဉ်စနစ်နဲ့ လုပ်နေတဲ့လမ်းစဉ်သာ ဖြစ်ပါ တယ်။"


"စဝ်ခွန်ချိုကိုအကြံပေးခဲ့သလို ရခိုင်၊ မွန်၊ ကချင်၊ ကရင်၊ ကယား၊ ချင်းစသောလူနည်းစုသာမက မြန်မာတွေကိုပါ ဒီအကြံပေးချင်တယ်။ ပြည်ထောင်စုမပြိုကွဲအောင် လူတိုင်းလိုချင်မှာဘဲ၊ အားလုံးလိုချင်တဲ့ ပြည်ထောင်စု မပြိုကွဲရအောင် လူနည်းစုနဲ့မြန်မာဟာ ပြည်ထောင်စုတခုလုံးနဲ့ဆိုင်တဲ့ကိစ္စ လုပ်တဲ့နေရာမှာ ထိမ်းသိမ်းထားရ မယ့်မူကြီးတခုရှိပါတယ်။"


"ရှမ်း၊ ကချင်၊ ကရင်၊ ကယားစသောလူနည်းစုတွေကလည်း ပြည်ထောင်စုကြီးနဲ့ပတ်သက်ရင် ကိုယ်ကြိုက် တာချည်း မလုပ်ပါနဲ့၊ မြန်မာတွေ ဘာကြိုက်တာလဲ ကြည့်ပါ၊ မြန်မာတွေကရော လူနည်းစုတွေကရော ပြည်ထောင်စု ကြီးအတွက်လုပ်ရာမှာ နှစ်ဦးနှစ်ဖက်ကြိုက်တာကိုကြည့်ပြီး လုပ်သွားရင် ပြည်ထောင်စုကြီး တည်မြဲသွားမှာဖြစ်ပါတယ်၊ မြန်မာတွေကလည်း ကိုယ်ကြိုက်တာကိုယ်လုပ်၊ လူနည်းစုတွေကလည်းကိုယ်ကြိုက် တာ ကိုယ်လုပ်ရင် ကွဲမယ်။ ပြည် ထောင်စုကြီး တည်မြဲခိုင်ခံ့စေချင်ရင် ငါတကော ကော၍မရဘဲ တိုင်တိုင်ပင် ပင်နဲ့ လုပ်သွားပြီး အဖြေရှာရပါမယ်၊ ပြည် ထောင်စုကြီး တည်တံ့ခိုင်မြဲချင်ရင် မလိမ့်တပတ်မလုပ်နဲ့၊ မိသားစု အနေနဲ့ ဖြေရှင်းသွားကြရန် လူနည်းစုတွေရော၊ မြန်မာတွေကိုပါ ဒီနေရာက သတိပေးလိုက်ပါတယ်။ ရှမ်းမူခေါ်တဲ့ ဖက်ဒရယ်မူကိုမျက်လုံးမပြူးကြနဲ့၊ မိသားစုအနေနဲ့ ဖြေရှင်းသွားပါ့မယ်။"

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၁၉၈၈ အရေးတော်ပုံနောက်ပိုင်း တပ်မတော်ကအာဏာသိမ်းယူပြီး နဝတ အစိုးရကိုတည်ထောင်ခဲ့သည်။ ၁၉၉၀-ခုနှစ် မေလတွင် ပါတီစုံရွေးကောက်ပွဲကျင်းပပေးခဲ့သည်။ တိုင်းရင်းသားများသည် မိမိသက်ဆိုင်ရာလူမျိုး အလိုက် ပါတီတည်ထောင်ပြီး ပထမပါတီပေါင်း (၁၇)ပါတီပါဝင်သော ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမို ကရေစီအဖွဲ့ချုပ်ကို တည်ထောင်ခဲ့သည်။


၁၉၈၉-ခုနှစ် ဇူလိုင်လ (၇)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင် ဆန်းစုကြည်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်တည်ရှိရာ အမှတ် (၃၉၃) ပထမထပ်၊ ဗိုလ်အောင်ကျော်လမ်းတွင် တွေ့ဆုံဆွေးနွေးကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ဆွေးနွေးချက်မှ ကောက်နုတ် ဖော်ပြ ရမည် ဆိုလျှင်---

"ဒီမိုကရေစီနဲ့ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးဟာ တဆက်တည်းဖြစ်ပါတယ်။ ကျမကလည်း တိုင်းရင်း သားစည်းလုံးညီညွတ်ရေးဆိုတဲ့ အသုံးအနှုန်းကိုမသုံးချင်လို့ ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးဆိုတဲ့ အသုံးအနှုန်းကို သုံးတာပါ၊ ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးအတွက် ကျမတို့တိုင်းရင်းသားလူမျိုးများကလည်း အားလုံးလိုလား ကြပါ တယ်၊ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်တကွ အခြားဒီမိုကရေစီအင်အားစုတွေကလည်း လိုလား တယ် ဆိုတာ အားလုံးယုံကြည်ပြီးသားဖြစ်တယ်လို့ ကျမထင်ပါတယ်----ဒါဟာဘာလဲဆိုတော့အရေးကြီးတာက တော့ ကျမတို့ဟာ ဘယ်လိုပြည်ထောင်စုပုံသဏ္ဍာန်ဖော်ထုတ်မလဲဆိုတဲ့ကိစ္စဘဲ၊ ခုနကသဘာပတိကြီးတင်ပြ သွားတဲ့အခါမှာလည်း ပါပါ တယ်။ လွတ်လပ်ရေးတိုက်ပွဲကာလတုန်းက လွတ်လပ်ရေးကြိုးပမ်းနေတဲ့ တကြိမ် တည်း ဘဲ တိုင်းရင်းသားလူမျိုးများ အရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့တယ်၊ ညှိနှိုင်းခဲ့တယ်၊ တိုင်ပင်ခဲ့တယ်။ ဘယ်လိုပုံသသဏ္ဍာန်နဲ့ ပြည်ထောင်စုကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ လွတ်လပ်ရေးမရခင်ကာလကတည်းက စတင်ပြီးဆုံးဖြတ်ခဲ့တယ်ဆိုတာ တင်ပြသွားပါ တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ရှိရင်ကျမတို့အဖွဲ့ချုပ်မူဝါဒသဘော ထားနဲ့လည်း မကွဲပြားပါဘူး။ ကျမတို့မူသဘောထား ကြေညာချက် (၉) ချက်ထဲမှာ ဆိုလို့ရှိရင် အခြေခံစည်းမျဉ်း တခုကို ပင်လုံညီလာခံတခုခေါ်ပြီးတော့ ဆုံးဖြတ်ရမယ်လို့ ရေးထားပါတယ်။ ဒီတိုင်းရင်းသားလူမျိုးများဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းမှာလည်း အခြေခံစည်းမျဉ်းတခုကို ပင်လုံညီ လာခံတခုကနေပြီးတော့ ဆုံးဖြတ်ရမယ်လို့ ရေးထား ပါ တယ်။ အဲ့ဒီတော့ ကျမတို့ဟာ လုပ်ငန်းအရစပြီးလုပ်ဖို့လိုမယ် ထင်ပါတယ်။အခုဒီမှာရှိတဲ့ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကျမတို့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှလူကြီး များ၊ တရားဥပဒေပညာရှင်များနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ဘယ်လိုအခြေခံစည်းမျဉ်းဥပဒေတခုကိုဆွဲသင့်တယ်ဆို တာ စပြီးတိုင်ပင်ဖို့ရောက်ပြီလို့ ကျမထင်ပါတယ်။ ဒီကိစ္စကိုပြောနေမဲ့အစား စပြီးတော့လုပ်ကြပါလို့ကျမအကြံပြု ချင်ပါတယ်။"

"အဲ့ဒီတော့ Federal ဆိုတဲ့ကိစ္စ၊ Federal ဆိုတာ စောစောက သဘာပတိကြီးပြောသွားတဲ့ အတိုင်းပါဘဲ၊ Federal ဆိုတာ အင်္ဂလိပ်စကားလုံးတခုဘဲ၊ Federal ဆိုတာ ခွဲထွက်ရေးမဟုတ်ပါဘူး။ ကျမတို့အားလုံး သိပြီးသားပါ။ ခွဲရေး မဟုတ်ဘူးဆိုတာ ကျမလက်ခံပါတယ်။ ဒါပေမဲ့ Federal ဆိုတာ ပုံစံအမျိုးမျိုးရှိပါတယ် ဆိုတော့ Central Government နဲ့ State Government တို့အကြားမှာ ဘယ်လိုအာဏာ ခွဲဝေမလဲ၊ ဒါက Federal ရဲ့ အဓိကပြဿနာဘဲ၊ ဒါဆုံးဖြတ်ရမှာပါ။ နောက်ပြီး ပြည်ထောင်စုအစိုးရ ဘယ်လောက်အာဏာယူပြီး ဘယ်လိုအာဏာ တွေအသုံးပြုထားမလဲ ဒီဟာကိုခွဲရမယ်။ နောက်ဆုံး Federal ရဲ့ ပြဿနာဟာ ဒါပါဘဲ။"


၁၉၉၀-ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပြီး သြဂုတ်လ (၂၀) ရက်နေ့တွင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဒီမိုကရေစီအဖွဲ့ချုပ် (ဌာနချုပ်)တည်ရာ ဗိုလ်အောင်ကျော်လမ်း၊ အမှတ် (၃၉၃) ပထမထပ်တွင် ပြည်ထောင် စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ကိုယ်စားလှယ်များ ညှိနှိုင်းဆွေးနွေးကြပြီး အောက်ပါသဘောတူညီချက်များကိုလက်မှတ်ရေးထိုးခဲ့ကြ သည်။ ၎င်းတို့မှကောက်နုတ် ဖော်ပြရလျှင် ဆုံးဖြတ်ချက်အမှတ် ၄-(ဂ)တွင် တိုင်းရင်းသားလူမျိုးများသည် လူမျိုးရေးတန်းတူမှု၊ နိုင်ငံရေးတန်းတူမှု နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရစေမည့်အပြင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို အာမခံချက်ရှိသော ပြည် ထောင်စုကို တိုင်းရင်းသားများအားလုံး သွေးစည်းညီညွတ်စွာ ထူထောင်ရန် လိုအပ်ကြောင်း ပြည်ထောင်စုတိုင်းရင်း သားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ တညီတညွတ်တည်း သဘောတူညီခဲ့ကြ သည်။


'အမျိုးသားဒီမိုကရေစီမဟာမိတ်များအဖွဲ့ (ဒမဖ) သဘောထား'
သခင်လွင်၊ ဗိုလ်အောင်နိုင်၊ ဦးအောင်သန်း၊ တော်ဘုရားလေးနှင့် အခြားထင်ရှားသောနိုင်ငံရေး ခေါင်းဆောင် များကို နာယကအဖြစ်တင်မြှောက်၍ --
ဥက္ကဌ- ကိုမိုးသီးဇွန်
ဒု-ဥက္ကဌ- ဦးအောင်မြင့်၊ ဦးညွန့်သိန်း၊ ဗိုလ်ညို၊ ဒေါက်တာမောင်မောင်ကျော်
အတွင်းရေးမှူး- ဦးညိုဝင်း တို့ပါဝင်ဖွဲ့စည်းထားသော ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ် (ဒမဖ)မှ ၁၉၈၉-ခုနှစ် သြဂုတ်လ (၃၀)ရက်နေ့တွင် "ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် ထားရှိသင့်သောမူဝါဒသဘော ထားများကို တင်ပြခြင်း" စာတမ်းတွင် ပါဝင်သော အရေးကြီးသောအချက်များကို ကောက်နုတ်တင်ပြရ လျှင်… … …

"တိုင်းရင်းသားလူမျိုးများနှင့် လူမျိုးစုများ၏ ထာဝရညီညွတ်ရေးကိုတည်ဆောက်ပြီး၊ ထိုညီညွတ်ရေး အဓွန့်ရှည်တည်တန့်ခိုင်မြဲရေးအတွက် တိုင်းရင်းသားလူမျိုးများ၊ လူမျိုးစုများတွင် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် (Right of self-determination) အပြည့်အဝခံစားပိုင်ခွင့်ရှိစေရမည်။ တန်းတူညီမျှမှုလည်း မရှိမဖြစ်လိုအပ်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ (Union of Burma) ကို
(၁) ကချင်ပြည်နယ် (Kachin State)
(၂) ကယားပြည်နယ် (Kaya State)
(၃) ကရင်ပြည်နယ် (Karen State)
(၄) ချင်းပြည်နယ် (Chin State)
(၅) ဗမာပြည်နယ် (Burma State)
(၆) မွန်ပြည်နယ် (Mon State)
(၇) ရခိုင်ပြည်နယ် (Rakhine State)
(၈) ရှမ်းပြည်နယ် (Shan State) ဟူ၍ ပြည်နယ်(၈)ခုဖြင့် ဖွဲ့စည်းထူထောင်ရမည်ဖြစ်ပါသည်။

ပြည်ထောင်စုအစိုးရ၏ ဥပဒေပြုအာဏာ (Legislative Power)၊ အုပ်ချုပ်ရေးအာဏာ (Administrative Power) တို့ကို အခြေခံဥပဒေတွင်အတိအလင်းပြဋ္ဌာန်းထားသင့်ပါသည်။

အခြေခံဥပဒေတွင်ပြဌာန်းမထားသော ကျန်သည့်အာဏာပိုင်းနှင့် အခွင့်အရေးများအားလုံးကို ပြည်နယ် အစိုးရအား လွတ်လပ်စွာ ကျင့်သုံးခွင့်ပေးသင့်ပါသည်။

အမျိုးသားတိုးတက်ရေးလူငယ်အဖွဲ့ချုပ် (ပြည်ထောင်စုမြန်မာနိုင်ငံ) ပညာပေးဆွေးနွေးပွဲ အမှတ်စဉ် (၁/၉၁) (၁၆-၁-၁၉၉၁) တတိယပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အထောက်အကူပြုစာတမ်းနှင့် (၁၉) ကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးတွင် တပ်ပေါင်းစုဥက္ကဌကြီးပြောကြားသောမိန့်ခွန်း

တပ်ပေါင်းစုဥက္ကဌ ဝိဓူရသခင်ချစ်မောင် ပြောကြားသည့်မိန့်ခွန်းမှ တိုင်းရင်းသားလူမျိုးများနှင့် ပတ်သက်သော အခန်းကဏ္ဍာကို အကျဉ်းချုံးတင်ပြရလျှင် --

"ဤကဲ့သို့သော လူမျိုးရေးရာအပိုင်းအနေအထားအရ မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံနေထိုင်ရာ တိုင်းပြည် (Multi-National State) ဖြစ်ကြောင်း ထင်ရှားလေသည်။ ထို့ကြောင့် တပြည်ထောင်စနစ်လော ဟူသော အလွန် အရေးကြီးသောအခြေခံပြဿနာကြီးကို ရှင်းလင်းဖြေဆိုရာ၌ ပြတ်ပြတ်သားသားပြည်ထောင်စုစနစ်ကို ဖွဲ့စည်းသင့်ပေ သည်။ မည်သို့သောပြည်ထောင်စုစနစ်မျိုး ဖွဲ့စည်းသင့်သနည်းဆိုသည်မှာ ဒုတိယပြဿနာပင်ဖြစ်ပေသည် x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x ထို့ကြောင့် တတိယနိုင်ငံတော်သစ်ကို ပြည်ထောင်စုစနစ်ဖြင့်သာ ဖွဲ့စည်းရမည်ဖြစ်ကြောင်း တင်ပြခဲ့လေသည်။ လိုက်နာရမည့် အခြေခံလမ်းညွန်မှုကြီး (၃)ရပ် ရှိပေသည်။ ၄င်းတို့မှာ-----


(က) ပါဝင်သောပြည်နယ်များ (ဝါ) လူမျိုးစုကြီးများသည် တန်းတူညီမျှအခွင့်အရေးရရှိစေရမည်။ (Principle of Equality)
(ခ) တန်းတူညီမျှတကယ်ရရှိရေးကို ပြည်ထောင်စုဖွဲ့စည်းပုံ အသေးစိတ်အခြင်းအရာများဖြင့်သာ အကောင် အထည်ဖော်ရမည်ဖြစ်ရာ ဒုတိယလမ်းညွှန်မှုမှာ ညီအစ်ကိုမိသားစုများစုစည်းရန်ဖြစ်၍ အတူတကွ အေးအတူ ပူအမျှနေထိုင်နိုင်သည့် ပုံစံမျိုးဖြင့်သာ ဖွဲ့စည်းရမည်။ (Principle of Fraternal Bond) (ဂ) လူမျိုးစုကြီးများ နှင့် သက်ဆိုင်ရာမျိုးနွယ်စုများသည် လူမျိုးစုတစုနှင့်တစု တိုးတက်ကြီးပွားမှု ကြီးမားသော ကွာဟမှုများ ဖြစ်မလာမစေရန် အတူတကွတိုးတက်ကြီးပွားမှု လမ်းညွှန်မှုသည် အလွန်အရေးကြီးပေသည်။ (Principle of Mutual Co-operation and Mutual Development)

ဤလမ်းညွှန်မှု(၃)ရပ်ကိုလိုက်နာ၍ တတိယပြည်ထောင်စုကိုဖွဲ့စည်းရမည်သာဖြစ်ပေသည်။ တန်းတူညီမျှ အခွင့်အရေး ရရှိရေးနှင့်ပတ်သက်လျှင် မြန်မာလူမျိုးကြီးတွင်စုပေါင်းပါဝင်သော လူမျိုးစုကြီး(၈)စုအတွက် ပြည်နယ် (၈)ခုဖြင့် ဖွဲ့စည်းထိုက်ပေသည်။ ပြည်နယ်တခုခုအတွင်းရှိ လူမျိုးနွယ်စုတို့၏ အနေအထား သမိုင်း ကြောင်းနှင့် ပစ္စုပ္ပန် ဘဝဖြစ်ရပ်ကို စီစစ်ထောက်ထားလျှင် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအားဖြင့် (Regional Development) နှင့် မျိုးနွယ်စု ဒေသအဖြစ်ဖြင့် ထူထောင်သင့်သည်ဆိုပါက ထူထောင်ပေးနိုင် ပေသည်။ သို့သော် လက်တွေ့စိတ်ကူးယဉ် စေတနာလွန်လွန်းခြင်း၊ တရားသေဆန်ခြင်းများကိုရှောင်ရှားရ မည်ဖြစ်ပေသည်။


ထိုပြဿနာများ၏အကျယ်နှင့်အသေးစိတ်များကို အမျိုးသားနိုင်ငံရေးညှိနှိုင်းမှုညီလာခံကြီးတွင်ဆွေးနွေး ညှိ နှိုင်းကြရပေလိမ့်မည်။

ဘယ်လိုပြည်ထောင်စုမျိုးဖွဲ့စည်းမှာလဲ

အဖြေမှာ လွတ်လပ်သောနိုင်ငံများ၏ ပြည်ထောင်စုမျိုး (Independent Type of Federation) မဟုတ်စေဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တန်းတူညီမျှ ပြည်နယ်များ၏ပြည်ထောင်စု (Autonomous Type of Federation) မျိုးကိုသာ ဖွဲ့စည်း သင့်သည်။

တိုင်းရင်းသားများအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏သဘောထား

၁၉၉၇-ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျင်းပသော ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသား လူမျိုးများနှီးနှောဖလှယ်ပွဲ (မဲသရောထာ)ကျေညာချက်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖတ်ကြားထောက်ခံ ခဲ့သည်။ (မဲသရောထာကျေညာချက်နောက်ဆက်တွဲတွင်ကြည့်)

၂၀၁၀-ခုနှစ် အောက်တိုဘာ (၂၄)ရက်နေ့တွင် တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုခေါင်း ဆောင်များ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများပေါင်းစည်း၍ ကလေးမြို့ဆုံးဖြတ်ချက်ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ သည်။ ထိုကြေညာချက်ထွက်ပေါ်လာပြီး ၂၀၁၀-ခုနှစ် နိုဝင်ဘာ(၁၃)ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်လာသည်။ နိုဝင်ဘာ (၂၀)ရက်နေ့တွင် ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေအိမ်တွင် ကျင်းပသော သက်ကြီးဝါကြီးနိုင်ငံရေးသမားများကိုကန်တော့ပွဲတွင် ကလေးမြို့ကြေညာချက်စာတမ်းကို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။ ဒီမိုကရေစီအင်အားစုများ ကလေးမြို့ကြေညာချက်ကို ပူးပေါင်းတာဝန်ယူရန် ပေးအပ်ခြင်း အပေါ် ဒေါ်အောင်ဆန်းစု ကြည်က ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့သော် မိမိတယောက်တည်း ဖြင့်လုပ်၍မရနိုင်၊ အားလုံးဝိုင်းဝန်း တာဝန်ယူမှဖြစ်၍ တညီတညွတ်တည်း စုပေါင်းဆောင်ရွက်ရန်ပြောကြား ခဲ့သည်။ (ကလေးမြို့ကြေညာချက်ကို နောက် ဆက်တွဲမှာကြည့်ပါ)


နဝတ နောက် နအဖ အစိုးရလက်ထက် တိုင်းရင်းသားများအပေါ်သဘောထား
တပ်မတော်အစိုးရ၏တိုင်းရင်းသားများ သဘောထားများကို စာဖြင့်ထုတ်ပြန်ထားသည့်သဘောထားမှာ --
ပြည်ထောင်စုမပြိုကွဲရေး----ဒို့အရေး
တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး----ဒို့အရေး

အထက်ပါကြွေးကြော်သံများ ထုတ်ပြန်ထားသည့်သဘောထားမှာ ယခုလက်ရှိပြည်ထောင်စုအနေအထား အတိုင်း နေရန်သာဖြစ်သည်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးလိုသော တိုင်းရင်းသားများ၏ဥပဒေတွင်း ဥပဒေလုပ် ငန်းများကို ဖမ်းဆီးနှစ်ရှည်ထောင်ဒဏ်ပေးခြင်း၊ လက်နက်ဖြင့်အကြမ်းဖက်နှိမ်နှင်းနေသည့် အဓိပ္ပါယ် "ပေးတာယူ၊ ကျွေးတာစား၊ စကားမများနဲ့၊ မကျေနပ်၍ဆင်ခြေတက်လျှင် ဒုက္ခတွေ့သွားမည်" သဘော ဖြစ်သည်။


ယင်းကိစ္စနှင့်ပတ်သက်၍ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အမှန်ကိုတင်ပြရလျှင် ၂၀၀၄-ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် ကျင်းပသော ရှမ်းပြည်ပညာရှင်များအတိုင်ပင်ခံကောင်စီတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မပါဝင်ခဲ့ပါ။ ၂၀၀၅-ခုနှစ်၊ ဖေဖော်ဝါရီ (၇)ရက်နေ့ တောင်ကြီးမြို့တွင် ကျင်းပသော (၅၈)နှစ်မြောက် ရှမ်းပြည် အမျိုးသားနေ့အခမ်းအနားတွင်လည်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင်တို့ တက်ရောက်ခြင်းမရှိခဲ့ပါ။ နောက်တနေ့ ဖေဖော်ဝါရီ (၈)ရက်နေ့တွင် ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) နာယက ဗိုလ်ချုပ်ဆေထင်၊ ရှမ်းမျိုးဆက်သစ်မှ (၄)ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူးစိုင်းညွန့်လွင်နှင့် အမှုဆောင် အဖွဲ့ဝင်(၂)ဦး စုစုပေါင်း (၉)ဦးကို ဖမ်းဆီးခဲ့ပါသည်။ နအဖ သတင်းစာရှင်းလင်းပွဲတွင်ရှင်းပြသည် မှာ "၄င်းတို့သည် မြန်မာပြည်နယ်အပါအဝင် ရှစ်ပြည် နယ်ပြည်ထောင်စုကို တည်ဆောက်ရန်ကြိုးစားခြင်းအား ဖြင့် ပြည်ထောင်စုစစ်စစ်ဆိုသည့်စကားကို အရေခြုံဗန်းပြပြီး" မည်ကာမတ္တ ပြည်ထောင်စုကိုတည်ထောင်ကာ တချိန်ချိန်တွင် ပြည်ထောင်စုမှခွဲထွက်လျက် သီးခြားနိုင်ငံ ထူထောင် ရန်သာဖြစ်သည်ဟု လည်းကောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် ဆူဆူပူပူဖြစ်အောင် လှုံ့ဆော် ရာရောက်သည့်အပြင် အင်မတန် ကြီးမားသည့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုပျက်ပြားရေး၊ ပြည်ထောင်စုပြိုကွဲရေး တို့ကို ဦးတည် စေသည့်လုပ်ရပ်များ ဖြစ်ခြင်းကြောင့်လည်းကောင်း အရေးယူလိုက်ရပါသည်ဟုဆိုပါသည်။ SSA-N နာယက ဗိုလ်ချုပ်ဆေထင်ကို ထောင်ဒဏ် (၁၀၆)နှစ်၊ ခွန်ထွန်းဦးကို (၉၃)နှစ်၊ စိုင်းညွန့်လွင်ကို (၈၅)နှစ်၊ စိုင်းလှအောင်၊ ဦးမြင့်သန်း၊ ဦးထွန်းညို၊ စိုင်းညီမိုး၊ စိုင်းမျိုးဝင်းထွန်းတို့ကို (၇၉)နှစ်စီချမှတ်ပြီး ဝေးလံသော နယ်စွန်နယ်ဖျား ထောင်များသို့ ဈေးဦးပေါက်ချမှတ်ခဲ့ပါသည်။ ဖော်ကောင် စဝ်သာဦးကို (၁၂)နှစ် ချမှတ်ပြီး ချက်ချင်းပြန်လွတ်ပေး လိုက်ပါသည်။ ပြည်ထောင်စုအတွင်းရှိ ဗမာ အပါအဝင် တိုင်းရင်းသားများအနက် တပ်မတော်အစိုးရကရှမ်းခေါင်း ဆောင်များကိုချမှတ်သော ထောင်ဒဏ်သည် ယနေ့ထိတိုင် စံချိန် မကျိုးသေးဘဲရှင်သန်လျက်ရှိ နေပါသည်။

ယနေ့အချိန်တွင်လည်း အပစ်အခတ်ရပ်စဲထားသော၊ မရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ဆက်လက်၍ တိုက်ပွဲကြီးငယ် ဆင်နွဲလျှက်ရှိနေဆဲပင်။

နိုင်ငွေသိမ်း
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့
ကိုးကားကျမ်း
၁။ တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၇၄-ခုနှစ် အခြေခံဥပဒေ (ပ-ဒု)တွဲ၊
၂။ ၁၉၅၈-၆၂ မြန်မာ့နိုင်ငံရေး (ပ-ဒု-တ-စ) တွဲ၊
၃။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်မှတ်တမ်းများ၊
၄။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြေညာချက်များ၊

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.