တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Tuesday, November 18, 2008

တိတ်ဆိတ်နေသောသေနတ်သံများ

တိုင်းရင်းသားအသံ
တိတ်ဆိတ်နေသောသေနတ်သံများ
မင်းထက်အောင်၊ နိုဝင်ဘာ ၁၈၊ ၂၀၀၈။ (ကာအိုဝါအိုသတင်းဌာန)


နအဖရဲ့ အဓိကနံပါတ်တစ် ရန်သူကတော့ ပြည်တွင်းမြေပေါ် အတိုက်ခံပါတီ အဖွဲ့အစည်းများ၊ တိုင်းရင်းသား ပါတီများနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေပါ ၊ အထူးသဖြင့် ဒီလှုပ်ရှားသူ အင်းအားစုတွေမှာ ပါဝင်နေကြတဲ့ ခေါင်းဆောင် အများစုဟာ မြန်မာနိုင်ငံရေး လောကမှာ ရှေ့မီ နောက်မီ အတွေ့အကြုံများ ရှိခဲ့သလို ကမ္ဘာနဲ့မြန်မာပြည် အခြေအနေကို ခေတ်ကာလနဲ့အညီ သိရှိနားလည်ကြတဲ့သူတွေပါ။ ဆိုလိုတာက နိုင်ငံရေးကို နားလည်ကြတဲ့သူတွေပါ။ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတဲ့ လူငယ်စုတွေကိုလည်း စစ်အစိုးရက လျှော့မတွက်ပါဘူး။ ဒါကြောင့် အဓိက နံပါတ်တစ် ရန်သူနဲ့ ဆက်စပ်တဲ့သူတွေကို ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ တရားတာ မတရားတာ အပထား၊ နအဖနဲ့ အပေါင်းအပါတွေက ယ္ခု သီတင်းပတ်မှာ မထောက်မညှာ ထောင်ဒဏ်အသီးသီး ချခဲ့ပါပြီ။

တဖက်က အပစ်ရပ်အဖွဲ့တွေဟာ မူလက နအဖရဲ့ ရန်သူနံပါတ်တစ် စာရင်းဝင်ခဲ့ပေမဲ့ သေနတ်တွေကျည် မထိုးထားရတော့တဲ့ အဆင့်ရောက်အောင် ဟန်ဆောင်ပြီး မိတ်ဖွဲ့ ဖြစ်ခဲ့တော့ အပစ်ရပ်အဖွဲ့တွေဟာ နံပါတ်တစ်ရန်သူစာရင်းကနေ ခေတ္တ လျှောကျသွားပါတယ်၊ ဒါပေမဲ့ တဖက်နဲ့တဖက် လုံးဝ ယုံကြည်စိတ်ချရတဲ့ အဆင့်တွေကို မတည်ဆောက်နိုင်ကြသေးပါဘူး။

ဒီတော့ အပစ်ရပ်အဖွဲ့တွေအပေါ် ဗြောင်ဗြောင်တင်းတင်း လက်ရဲဇက်ရဲ မကိုင်တွယ် မစွက်ဖက်ရဲ သေးတာဟာ အဖွဲ့အစည်းတွေအသီးသီးမှာ လက်နက်ကိုယ်စီ ရှိနေသေးလို့ပါပဲ ၊ ဒါပေမဲ့ နအဖက ဒီအဖွဲ့တွေအပေါ် လုံးဝ လစ်လျှူပြုထားတာတော့ မဟုတ်ပါဘူး။

နအဖ အနေနဲ့ အပစ်ရပ်အဖွဲ့တွေရဲ့ အခြေအနေကို အမြဲတမ်း လေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေကြပါတယ်။ အပစ်ရပ်အဖွဲ့တွေရဲ့ လက်ရှိအနေအထား ၊ လက်နက်လူအင်အား၊ ဘဏ္ဍာရေး ရပ်တည်မှုများ၊ ခေါင်းဆောင်များရဲ့ တဦးချင်း ရပ်တည်မှု အခြေအနေ၊ ရုပ်ပိုင်း စိတ်ပိုင်း အားနည်းချက်၊ အားသာချက်များတွေကို နအဖရဲ့ အောက်ခြေအဖွဲ့များ အမြဲမပြတ် လေ့လာသုံသပ်ပြီး အစီရင်ခံနေကြရပါတယ်။

အပစ်ရပ်အဖွဲ့တွေအပေါ် တိုက်ရိုက် အမိန့်ပေးနိုင်တဲ့အခြေအနေ နအဖ မရရှိသေးပေမဲ့ ဘဏ္ဍာရေးအရ နအဖကို တည်မှီနေရတဲ့ အချို့အဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေအပေါ် သြဇာညောင်းလာတာ တွေ့ရှိလာရပါတယ်၊ နအဖ စေခိုင်းနိုင်တဲ့အဖွဲ့တွေ ဖြစ်လာနိုင်ပြီး အချင်းချင်းပဲ ဖြစ်စေ၊ အနီးကပ် မဟာမိတ် အဖွဲ့အစည်းနဲ့ဖြစ်စေ အသေးစား ပဋိပက္ခမှ အကြီးစားဖြစ်လာအောင် လိုအပ်တဲ့ကာလမှာ နအဖက အသုံးချလာနိုင်ပါတယ်၊ သွယ်ဝိုက်တဲ့နည်းနဲ့ သပ်လျှို ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့တဲ့သာဓကများ ရှိခဲ့ပါတယ်။ အဖွဲ့အစည်းအတွင်း အာဏာလွန်ဆွဲမှု ဖြစ်လာအောင် ခေါင်းဆောင်တချို့ကို မက်လုံးပေး ဖဲ့ထုတ်စည်းရုံးပြီး သီးသန့် အဖွဲ့သစ်တွေ ထပ်မံ ပေါ်ပေါက်လာအောင် ဖန်တီး၊ ဒီအဖွဲ့အစည်းတွေအတွင်းမှာ ညီညွတ်မှု မရှိနေကြသယောင် သတင်းလွှင့်၊ ပဋိပက္ခတွေ တဖြေးဖြေး ကြီးထွားလာအောင် နအဖ မသိမသာ သွေးထိုး ကြံဆောင်နေတာပါ။ အပစ်ရပ်အဖွဲ့ကိုပဲ အဓိကထားပြီး ထင်သာမြင်သာ ရှိအောင် တင်ပြခဲ့ပေမဲ့ အပစ်အခတ် မရပ်ရသေးတဲ့အဖွဲ့အစည်းတွေနဲ့လည်း နအဖရဲ့ ကိုင်တွယ်လုပ်ဆောင်နေမှုတွေဟာ ပုံသဏ္ဍာန်အရ အနည်းငယ် ကွာခြားမှု ရှိပေမဲ့ အနှစ်သာရအားဖြင့် သိပ်ပြီး မကွာခြားလှပါဘူး။

နအဖက ၂၀၁၀ ရွေးကောက်ပွဲ လုပ်မယ်လို့သာ တကြော်ကြော် အော်နေပါတယ်၊ နိုင်ငံရေးပါတီသစ် ဖွဲ့စည်းခွင့်အတွက် အရိပ်အရောင် မပြသေးပါဘူး၊ သူတို့ပါတီနဲ့ သူတို့ရဲ့လက်အောက်ခံ မဟာမိတ်ပါတီတွေ ဖွဲ့စည်းရေးကို ကြိတ်ပြီး တိတ်တဆိတ် လှုပ်ရှားနေကြပါတယ်၊ သူတို့အဖွဲ့တွေ အဆင်သင့် ဖြစ်တာနဲ့ ရက်ပိုင်းတိုတိုလေးမှာ နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့်ပြုမဲ့ပုံ ပေါ်နေပါတယ်၊ ကိုယ်ကျိုးရှာ နိုင်ငံရေး အဖွဲ့တွေပဲ ဒီရွေးကောက်ပွဲမှာ ပါဝင်လာဖို့ များပါတယ် ။တကယ်အဓိကကျတဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား ပါတီကတော့ အဲဒီရွေးကောက်ပွဲ ဝင်ကြမှာ မဟုတ်သလို အသိမှတ်ပြုမှာလည်း မဟုတ်တဲ့အတွက် နောက်တက်လာမဲ့အစိုးရသစ် ဆိုတာကလည်း ကိုယ့်ဇာတ်ကို ကိုယ်သာကပြီး လက်ခုတ်တီးမဲ့ ပရိသတ် ရှိမှာ မဟုတ်သလို ဖြစ်ပေါ်လာမဲ့ရလာဒ်တွေနဲ့ အကောင်အထည် ဖေါ်ရမဲ့လုပ်ငန်းတွေဟာ အသက်ဝင်လာမှာ မဟုတ်တာ သေချာနေပါတယ်။

ပြည်သူလူထုနဲ့ တိုင်းရင်းသားတွေရဲ့သဘော ဆန္ဒမပါ အနှစ်သာရ ကင်းမဲ့တဲ့ ဖွဲ့စည်းပုံနဲ့ ခရီးမြန်းနေရမဲ့ နိုင်ငံတော်သစ် ဆိုတာဟာ နအဖ အနေနဲ့ ဘယ်လိုများ ရှေ့စခန်း ဆက်ရမလဲဆိုတာကို သတိပြုမိဟန် မပေါ်ပဲ ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် လိုဖြစ်နေပါတယ်၊ ၂၁ ရာစု အကြိုရောက် နေပါပြီ၊ ပြည်သူတွေဟာ ဘဝရှင်မင်းတရားကြီးရဲ့ခေတ်က လူတွေ မဟုတ်ကြပါဘူး။ ခေတ်စနစ် တွေလဲ ပြောင်းလဲ တိုးတက်နေပါပြီ၊ ဒါပေမဲ့ နအဖရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ ဦးနှောက်ထဲမှာတော့ ၂၁ ရာစုနဲ့အညီ ပြည်သူတွေဆီက ခေါင်းဆောင်မှုကို မခံယူတတ်သေးပါဘူး။

အပစ်ရပ်အဖွဲ့တွေကို ဘယ်လိုနည်းနဲ့ လက်နက်ဖြုတ်ရမလဲ ဆိုတာ နအဖအဖို့ ခေါင်းခဲစရာပါ၊ အနှစ်နှစ် အလလက ဘဝ၊ အသက်၊ ချွေး၊ သွေးတွေနဲ့ ရင်းပြီး ရပ်တည်လာခဲ့တဲ့ ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ပုံမကျ ပန်းမကျ စစ်ဗိုလ်တစ်မတ်သား အစိုးရလက်အောက်မှာ လွယ်လွယ်နဲ့ခေါင်းညိတ်ကြမှာတော့ မဟုတ်ပါဘူး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အများလက်ခံနိုင်တဲ့အနေအထား မရှိသရွေ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးကို တစ်နေရာထဲကနေ ထိမ်းချုပ်၊ အမိန့်ပေးနိုင်တဲ့အခြေအနေကို မရောက်ရှိနိုင်ပါဘူး၊ ဒီလိုအခြေအနေ ဟိုမရောက် ဒီမရောက်ဖြစ်နေတဲ့ ကြားကာလတွေ ရှည်ကြာနေမယ်ဆိုယင် မဝေးတော့တဲ့အနာဂတ်မှာ အဖက်ဖက်က ယိုယွင်းလာပြီး ထိန်းမနိုင် သိမ်းမရ ဖြစ်လာကာ တကယ့်ပြည်တွင်းစစ်ကြီးကို ဦးတည်နေပါတယ်။ အခုလို ယာယီအားဖြင့် တိတ်ဆိတ်နေတဲ့ သေနတ်သံတွေကို အနာဂတ်မဲ့ ရေရှည်မှာ ဒီပုံစံအတိုင်း ခရီးဆက်နိုင်ဖို့ မလွယ်ကူကြောင်း စောင့်ကြည့်အကဲခတ်နိုင်ရန် တင်ပြလိုက်ပါတယ်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.