သျှမ်းပြည်၌ ‘တားမြစ်ထားသောမြင်ကွင်းများ’ ဆိုင်ရာ သျှမ်းအမျိုးသမီး ရှင်းလင်းပွဲပြုလုပ်
ဗုဒ္ဓဟူးနေ့၊ 18 နိုဝင်ဘာလ 2009 သျှမ်းသံတော်ဆင့်
ယနေ့မနက်ပိုင်း၌ ထိုင်း - သျှမ်းနယ်စပ်တရာ၌ သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက် ရေးအသင်း SWAN မှ ‘တားမြစ်ထားသောမြင်ကွင်းများ’ စာအုပ်နှင့်ပါတ်သက်၍ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။
“စစ်အစိုးရက ကျမတို့ရဲ့ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေ၊ မြေယာတွေနဲ့ သဘာဝ အရင်းအမြစ်တွေကို လုယက်၊ ဓါးပြ တိုက်တယ်။ အဲဒါတွေမကသေးဘူး ကျမတို့ရဲ့ယဉ်ကျေးမှု၊ ကျမတို့ရဲ့သမိုင်းကိုပါ ဖျက်ဆီး တယ်။” - ဟု SWANပြော ရေးဆိုခွင့်ရှိသူ မွန်းကိန် က ပြောပါ၏။

SWAN မှ ထုတ်ဝေသည့် တားမြစ်ထားသောမြင်ကွင်းများ ခရီးသွားလမ်းညွှန်စာအုပ်
“အလည်လာတဲ့ဧည့်သည်တွေအားလုံးကို - သူတို့ရဲ့ ဘေးပတ်ပတ်လည်မှာ ဖြစ်နေတဲ့ ဖိနှိပ်ချုပ်ချုပ်မှုတွေလူ့အခွင့် အရေးချိုးဖောက်နေမှုတွေ မြင်လာအောင် မျက်စိဖွင့်ပေးချင်ပါတယ်။ ယဉ်ကျေးမှုဆိုင်ရာနေရာတွေ အဆောက် အဦးတွေကအစ ဒီလိုဖိနှိပ်မှု ဖျက်ဆီးနေမှုတွေရှိနေတယ်ဆိုတာကို သိစေချင်ပါတယ်” ဟု မွန်းကိန်ကပြော၏။
စစ်အစိုးရက သျှမ်းသမိုင်းဝင်အဆောက်အအုံများကို ဖျက်ဆီးပြီး ရှေးဗမာမင်းများ၏ ရုပ်တုများဖြင့် အစားထိုးခြင်း၊ ရွှေတိဂုံ ပုံတူဘုရားအားလည်း သျှမ်းပြည်အနှံ့ တည်ဆောက်ခြင်း၊ သျှမ်းဘုရားကျောင်းကန်တွင်းရှိ သမိုင်းဝင်အမွေအနှစ်ပစ္စည်း များအား ဗမာစစ်သားများက တမင်တကာ ဖျက်ဆီးခဲ့သည်ကို ရင်နင့် ဘွယ်ရာ မျက်ဝါးထင်ထင် တွေ့မြင်နိုင်သည်ဟု - အဆိုပါ စာအုပ်၌ ဖေါ်ပြထားသည်။
နိုဝင်ဘာ ၁၇ ရက် ယနေ့ထုတ်သော ‘တားမြစ်ထားသောမြင်ကွင်းများ’ ခရီးသွားလမ်းညွှန် စာအုပ်၌ စာမျက်နှာ ၃၇ မျက်နှာပါရှိပြီး တစ်နှစ်ကျော် သုတေသန ပြုကာ - သျှမ်း၊ မြန်မာ၊ အင်္ဂလိပ် နှင့် ထိုင်းဘာသာ ၄ ဘာသာဖြင့်ထုတ်ဝေဖြန့် ပါထားသည်။
အသေးစိတ်သိလိုပါက www.shanwomen.org ၀က်ပ်ဆိုက်၌ဖတ်ရှုနိုင်သကဲ့သို့ တာဝန်ခံ - ချမ်တောင်း ၀၈၁ ၆၀၃ ၆၆၅၅ ၊ မွန်းကိန် ၀၈၁ ၉၉၂ ၁၁၂၁ နှင့် ယိင်းဟန်ဖ ၀၈၅ ၇၀၇ ၃၉၉၇ တို့အား ဆက်သွယ်မေးမြန်းနိုင်ပါသည်။
No comments:
Post a Comment