တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Thursday, January 6, 2011

မြန်မာ့ စစ်ဘောင်က ကျယ်သထက်ကျယ်

တိုင်းရင်းသားအသံ
မြန်မာ့ စစ်ဘောင်က ကျယ်သထက်ကျယ်
 Arakan Review မှရယူသည်၊ကျေးဇူးတင်ပါသည်၊

(အဝေးရောက် သံတမန်တဦး)
စစ်၏အနိဌာရုံများကို မြန်မာနိုင်ငံသားအားလုံး ကိုယ်တွေ့ကြုံဖူးသူ များပါသည်။ အသက်ဘေးက ဝေးသူများ ရှိကြသော်လည်း အနည်းဆုံးတော့ ပြည်တွင်းစစ်ကြောင့် ကုန်ဈေးနှုန်း တက်ပြီး စားဝတ် နေရေး ခက်ခဲမှုတော့ ကြုံတွေ့ နေကြရပါသည်။ ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံသားများ အတိဒုက္ခ ရောက်နေ ကြသည်မှာလည်း နှစ်ပေါင်း ခြောက်ဆယ် ကျော်နေပါပြီ။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီဘောင် ကျဉ်းမြောင်းလာပြီး စစ်ဘောင် ကျယ်သည်ထက် ကျယ်ဝန်းလာခဲ့သည်မှာလည်း နှစ်ပေါင်း ငါးဆယ်ခန့် ပင် ရှိလာခဲ့ပါသည်။
(၂၀၁၀) ပြည့်နှစ် ရွေးကောက်ပွဲအပြီးတွင် စည်းကမ်းရှိသော ဒီမိုကရေစီစနစ်ကို တဖြည်းဖြည်း ချဲ့ပြီး စစ်ဘောင်ကို ကျဉ်းသည်ထက် ကျဉ်းအောင် ဆောင်ရွက် လေမလားဟု စိတ်ထဲတွင် ယုံစားရမလို ဖြစ်ခဲ့မိပါသည်။ သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အင်မတန် အသိညဏ် နည်းပါးစွာဖြင့် (၂၀၁၀) ပြည့် ရွေးကောက်ပွဲနေ့ မှာပင် ဗမာနှင့် ကရင် စစ်ပွဲကို ဖန်တီး လာပြန်ပါသည်။
အသိဥာဏ်နည်းပါးသူကြောင့် စစ်ဘောင်ကျယ်လာသည်။
(၁၉၄၇) ခုနှစ် ဇူလိုင်လ (၂၉) ရက်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံတော် တိုင်းပြု ပြည်ပြုလွှတ်တော် ဒုတိယ ညီလာခံ မှတ်တမ်းတွင် ၀န်ကြီးချုပ် သခင်နုက ဗိုလ်ချုပ် အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ကျဆုံး၍ ၀မ်းနည်းကြောင်း အဆို တင်သွင်းရာ၌ အောက်ပါအတိုင်း သမိုင်းဝင် အကြောင်းအရာ တချို့ ပါဝင်သည်။
“ကျွန်တော် တခုပြောရမည်ဆိုလျှင် ဂျပန် လက်ထက်တုန်းက အင်မတန် အသိဥာဏ်နည်းတဲ့ လူငယ် တစုဟာ အင်္ဂလိပ်ကို မောင်းထုတ်ပြီးတော့ ကရင်ဘဲရှိတယ် ဆိုပြီးတော့ ရွာတွေကို မီးရှို့ ၊ အဲဒီလိုဟာတွေ မတော် မတရား ကိစ္စတွေ အဲဒီလို လုပ်တဲ့အတွက် ကရင်တွေက ဗမာအပေါ် စိတ်နာပြီး ကရင် – ဗမာ အဓိကရုဏ်း မြစ်ဝကျွန်းပေါ်မှာ အတော်ဖြစ်ခဲ့တယ်။ အဲဒီလို ဖြစ်တဲ့ကိစ္စကို အမှန်စင်စစ် ဟိုအချိန်အခါတုန်းက နိုင်နိုင်နင်းနင်းနှင့် ကရင်-ဗမာ ချစ်ကြည်ရေးကို ရအောင် မလုပ်နိုင်ခဲ့လျှင် မီးဟာ သည်အချိန်ထိ လောင်နေမှာပဲ။ အခုလိုအခါမှာ ကရင် ကိုယ်စားလှယ်တွေနှင့် ကျွန်တော်တို့နှင့် တိုင်းပြု ပြည်ပြု လွှတ်တော်ထဲမှာ ညီရင်း အကိုလို ချစ်ချစ်ခင်ခင် တွေ့ဆုံဖို့ အခြေအနေတွေ ရှိနိုင်မယ် မဟုတ်ဘူးဆိုတာ ဟိုအခါက ကရင်-ဗမာ အဓိကရုဏ်း၊ ကရင်-ဗမာ စိတ်နာကြည်းတဲ့ အခါက နေပြီး ကရင်-ဗမာ ချစ်ကြည်ရေး၊ ကရင်-ဗမာ နားလည်ရေး ဆိုတာကို ရောက်အောင် ဗမာတွေ ဘက်ကနေပြီး မားမားမတ်မတ် လုပ်ခဲ့တာ ဘယ်သူလဲဆိုရင် ဗိုလ်ချုပ် ဖြစ်ခဲ့တဲ့အကြောင်း၊ ကရင်ကိုယ်စားလှယ်ကြီးတွေ ခေါင်းဆောင်ကြီးတွေက သည်မှာအတိအလင်း ၀န်ခံပါလိမ့်မယ်´ စသည်များ ဖြစ်ပါသည်။
လွတ်လပ်ရေးရခါစတွင် မိတ်ဆွေရင်းချာ ညီနောင်သားချင်းများသည်လည်း လက်ဝဲ လက်ျာ ၀ိဝါဒ မှိုင်းများကြောင့် အချင်းချင်း တိုက်ခိုက် သတ်ဖြတ်လာကြသည့် ပြည်တွင်းစစ်ကြောင့် ဒီမိုကရေစီဘောင် ကျဉ်းသွားပြီး စစ်ဘောင် ကျယ်လာသည်ကိုလည်း နိုင်ငံရေးသမားကြီး ၀ိဓူရ သခင်ချစ်မောင်က ကောက်ချက်ချ ဖူးပါသည်။
ယခု အချိန်ကာလအတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည်လည်း အင်မတန်မှ အသိဥာဏ်နည်းပါးသူ ဖြစ်ကြောင်းကို မြန်မာ ပြည်သူ ပြည်သားများသာမက စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း မစ္စတာ လီကွမ်းယူ အပါအ၀င် ကမ္ဘာ့ ခေါင်းဆောင်ကြီးများကပင် သိရှိနေကြပြီး ဖြစ်ပါသည်။
စစ်ဗိုလ်ချုပ်များ၏ အဖေကြီး ဦးနေ၀င်းသည် နိုင်ငံရေးပါတီများကို ဖျက်ပြီး နိုင်ငံရေးသမားများကိုလည်း နည်းမျိုးစုံဖြင့် သိက္ခာချ ခဲ့ပါသည်။ တိုင်းရင်းသား ခေါင်းဆောင်များကိုလည်း ဖက်ဒရယ် ခွဲထွက်ရေး သမားများဟု စွပ်စွဲကာ နိုင်ငံအာဏာကို ရယူပြီး ရိုက်စား သွားခဲ့ပါသည်။
ပြည်သူ့ ကိုယ်စားလှယ်ဆိုသူများ ခွေးဘ၀ မရောက်စေလိုပါ။
(၂၀၀၈) ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် စစ်အာဏာရှင် စနစ်ကို သက်ဆိုး ရှည်ရေးကို အခြေခံထား၍ နိုင်ငံရေးအသိ စိတ်ဓါတ်ရှိသူ တင်းပြည့် ကျပ်ပြည့်များက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ ကြပါသည်။ တင်းမပြည့် ကျပ်မပြည့် သူတချို့သာ နိုင်ငံရေး ပါတီထောင်ပြီး ရွေးကောက်ပွဲ ၀င်ခဲ့ကြပါသည်။ စစ်အာဏာရှင်များကို မလိုလားသော ပြည်သူများက အဆိုပါ တင်းမပြည့် ကျပ်မပြည့်သူများကိုပင် ဒီမိုကရေစီဘောင် အနည်းအကျဉ်း ကျယ်ပြန့် လာစေလို၍ ဆန္ဒမဲ ပေးမိခဲ့ကြပါသည်။
လွှတ်တော်ထဲတွင် ဒီမိုကရေစီဘောင် ကျယ်ပြန့်အောင် ဆောင်ရွက်ကြမည်ဆိုသော တိုင်းရင်းသား ပါတီ ခေါင်းဆောင်များနှင့် ပြည်မမှ ပါတီ ခေါင်းဆောင်တချို့သည် ပါတ ခိုင်မြဲရေးအတွက် စီးပွါးရေး ကုမ္ပဏီများ လိမိတက်များ ထောင်ကြမည်ဟု ထုတ်ဖော် ပြောဆိုလာကြပါသည်။
စီးပွါးရေး လုပ်ငန်းထောင်သော နိုင်ငံရေး ပါတီသည် ဒီမိုကရေစီ နိုင်ငံများတွင် မရှိသလောက်ပင် ဖြစ်ပါသည်။ နိုင်ငံရေးသမား စစ်စစ်များသည် အာဏာ အောက်ခြေ ခိုင်မာမှု၊ နိုင်ငံရေးပါတီ ရပ်တည်မှု (Power Base) ကို လူထု အပေါ်တွင်သာ ဗဟိုပြုပါသည်။ လူထု ပါဝင်ပတ်သက်သော လူထုလူတန်းစား အဖွဲ့အစည်း သမဂ္ဂများကိုသာ အားထားပါသည်။ ပါတီဝင်ထုနှင့် လူထုလူတန်းစားအဖွဲ့  သမဂ္ဂများ ရှိမှသာလျှင် ပါတီရံပုံငွေ တောင့်တင်းပါမည်။ ငွေရှိတိုင်း ပါတီမရှင်သန်နိုင်ပါ။
ပြည်ခိုင် ဖြိုးပါတီ (ကြံ့ဖွံ့) ၏ အမှတ်တံဆိပ်သည် ခြင်္သေ့ ဖြစ်ပါသည်။ လူတကာကို ညှင်းဆဲ သတ်ဖြတ် နေသော ပြည်ခိုင်ဖြိုးပါတီနှင့် တောရိုင်း တိရိစ္ဆာန်ငယ်များကို သတ်ဖြတ် စားသောက်နေသော ခြင်္သေ့တို့၏ စရိုက်လက္ခဏာ အသွင်သဏ္ဍန် အတူတူပင် ဖြစ်ပါသည်။
တိုင်းရင်းသား ပါတီများနှင့် ပြည်မမှ ပါတီခေါင်းဆောင်အချို့သည် ခွန်အားကိုသုံးပြီး သတ္တ၀ါငယ်များကို သတ်စားတတ်သော ခြင်္သေ့၏ ၀ိရိယကြီးစွာဖြင့် အမဲလိုက်၍ ရသော သတ္တ၀ါငယ်များကို ခြင်္သေ့နှင့် မိသားစုတို့  စားသုံးပြီးမှ ကျန်ရှိသော အရိုးအရင်း အပုပ် အစပ်များကို စားရသော ခွေးအများ ကဲ့သို့  စားသုံးရမည့်ဘ၀ကို မရောက်စေလိုပါ။
တစညပါတီသည် တံငါသည် ဖြစ်နေသည်
မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမည်ပြောင်းထားသော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) သည် တောင်သူ လယ်သမားများထံမှ လယ်ယာမြေများကို မတန်ဈေးဖြင့် ၀ယ်သိမ်းကာ ပါတီရပ်တည်ရေးအတွက် ငါးကန်နှင့် ပုဇွန်ကန်ကို တည်ထောင်ကာ နိုင်ငံရေးသမားဘ၀က ကိုရွှေတံငါသည်ဘ၀ ရောက်နေသည်မှာ အချိန် အတော်ကြာနေပြီ ဖြစ်ပါသည်။
ဘုရား တရား ကြည်ညိုသော ရခိုင်အပါအ၀င် အချို့ ခေါင်းဆောင်ကြီးများသည် အကုသိုလ်အလုပ်ကြောင့် ပါတီမှ အနားယူသွားခဲ့သူများ ရှိပါသည်။ စစ်တပ် နမူနာကိုယူပြီး နိုင်ငံရေးပါတီများသည်လည်း စီးပွါးရေးလုပ်ငန်း လုပ်သည်ကို မနှစ်မြို့သော စစ်ဗိုလ်လူထွက် ခေါင်းဆောင်တဦးက
“နိုင်ငံရေးလုပ်တာ လူတွေနဲ့ မဆက်ဆံရဘဲ နေ့စဉ် ငါး၊ ပုဇွန်များကိုသာ စစ်ဆေးနေရလို့ ခေါင်းဖြူမှ ဒီအလုပ်လုပ်ရတာ အတော် ရှက်စရာ ကောင်းကြောင်း” ပြောဆိုသည့် စကားကို ကြားသိ ခဲ့ရပါသည်။
စစ်အာဏာရှင် စနစ် ရှင်သန်ရေး စစ်ဘောင်ချဲ့ ပေး
မြန်မာနိုင်ငံတွင် စစ်ဘောင်ကို ချဲ့နေသည်မှာ အံ့သြစရာ အလွန် ကောင်းလှပေသည်။ စစ်သည်အင်အား တိုးချဲ့  သည်နှင့် စစ်ပစ္စည်းများ ဒေါ်လာ သန်းပေါင်း မြောက်များစွာဖိုး တရုတ် ပြည်မကြီးက ၀ယ်ယ် နေရသည်ကိုတော့ အများအသိပင်ဖြစ်ပါသည်။
စာရေးသူ မွေးဖွါးရာ ရခိုင်ပြည်နယ် မာန်အောင်ကျွန်းတွင် ယခင် ဖဆပလနှင့် မဆလ ခေတ်များတွင် စစ်သား (၁၅) ဦးခန့်နှင့် ဒုဗိုလ် တဦးသာ ရှိပါသည်။ ယခုအချိန်တွင် ကြည်းတပ်အပြင် ပြင်ကောက်ရွာတွင် အမြောက်တပ်၊ မျှော်တော်ဦးရွာတွင် ရေတပ်များကို အခိုင်အမာ တပ်စွဲထားသည်ဟု သိရပါသည်။ တရုတ်ပြည်က သွယ်တန်းနေသော ရေနံ ဓါတ်ငွေ့ ပိုက်လိုင်းများကို ကာကွယ်ရန်အတွက်နှင့် ဘင်္ဂလား ပင်လယ်အော်ကြီးကို တရုတ် စိုးမိုးရေးအတွက် ဆောင်ရွက် ပေးရခြင်းများပင်လားဟု အကဲခတ်ခတ်ရ ခက်လှပါသည်။
နိုင်ငံတော် ဖွဲ့ စည်းပုံ အခန်း (၇) တပ်မတော် ကဏ္ဍ ပုဒ်မ (၃၃၈) တွင် နိုင်ငံတော် အတွင်းရှိ လက်နက်ကိုင် အဖွဲ့ အစည်း အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှု အောက်တွင် ရှိရမည်ဟု အတိအလင်း ပြဌာန်းထား၍ နယ်ခြားစောင့် မလုပ်လိုသော လက်နက်ကိုင် အင်အားစုများကို အင်အားသုံးပြီး စစ်ရေးအရ ဖြေရှင်းပြီး စစ်ဘောင်ကို ပိုချဲ့လာနိုင်ပါသည်။ ပြည်တွင်းစစ် အရှိန်အဟုန်မြှင့်ကာ စစ်အာဏာ အဓွန့် ရှည်ရန်အတွက် ကြံစည်နေခြင်းလည်း ဖြစ်ပါသည်။
စစ်စရိတ် ကြီးမားလေ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေး အတွက် ပညာရေး။ ကျန်းမာရေးနှင့် လူမှုရေး အသုံးစရိတ်များ နည်းပါးလေ၊ ပြည်သူ လူထုမှာလည်း ဒုက္ခပင်လယ် ဝေလေ ဖြစ်ပါသည်။
နိုင်ငံရေး ပြဿနာများကို လက်နက် အားကိုးပြီး အဓမ္မ ဖြေရှင်းမည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ကြည်း၊ ရေ၊ လေ တပ်မတော်သား အပေါင်းတို့က ၀ိုင်းဝန်း တော်လှန်နိုင်မှသာ မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ နိုင်ငံရေး စကားဝိုင်း ပေါ်လာနိုင်ပါမည်။
မြန်မာ့စစ်ဘောင်က ကျယ်သထက် ကျယ်လာပါက ပြည်သူလူထု၏ ဆင်းရဲ ဒုက္ခသည်လည်း အတောမသတ် နိုင်အောင် ကြီးမား လာပါလိမ့်မည်။
ပြည်တွင်းစစ်ကို ဆန့်ကျင်ကြပါ။ စစ်အာဏာရှင်စနစ် အမိ မြန်မာ မြေပေါ်မှာ ချုပ်ငြိမ်းရေးအတွက် ပြည်တွင်း ပြည်ပ အင်အားစု အားလုံး ညီညီ ညွတ်ညွတ် စုပေါင်း ဆောင်ရွက်ကြပါစို့ ဟု တိုက်တွန်း နှိုးဆော်အပ်ပါသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.