တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, February 4, 2009

မြန်မာ့အနာဂတ်တွင် အဓိကကျသည့် တိုင်းရင်းသားများကဏ္ဍ

တိုင်းရင်းသားအသံ

မြန်မာ့အနာဂတ်တွင် အဓိကကျသည့် တိုင်းရင်းသားများကဏ္ဍ

E-mail Print
နိုင်ငံရေး ပြေလည်မှု အတွက်လည်း ရှေ့မဆက်နိုင်၊ ရေရှည် ငြိမ်းချမ်းရေး အတွက်လည်း ပြုပြင် ပြောင်းလဲမှုများ ဆက်လက် မလုပ်ဆောင်နိုင်သေးသည့် မြန်မာနိုင်ငံမှ အပစ်အခတ် ရပ်စဲရေး တိုင်းရင်းသား အဖွဲ့များ အခြေအနေသည် တကယ့် ကျဉ်းကြပ် ပိတ်ဆို့နေသော ရှေ့မတိုး နောက်မဆုတ်သာ ရေရှည်အခြေအနေ၏ သာဓကပင် ဖြစ်သည်။


မည်သည့်ဘက်ကမှ အခြေအနေကို ပြေလည်အောင် ဖြေရှင်းလိုစိတ် မရှိသကဲ့သို့၊ ဖြေရှင်းရန် တတ်နိုင်စွမ်းလည်း မရှိကြ ပါ။ ဤအခြေအနေမှ ပို၍အရှိန်မြှင့်နိုင်မည့် ဗျူဟာများချမှတ်ကျင့်သုံးရန်လည်း အခက်အခဲရှိနေပေသည်။ ယခုအခြေအနေ သည်ပင် မြန်မာစစ်အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ နောက်ဆုံး မလွှဲမရှောင်သာ ကြုံလာကြရသည့်အခြေအနေဖြစ်သည်။ မေးစရာ ရှိလာသည်မှာ အင်အားစု ဘက်နှစ်ဘက်လုံးက ထိပ်တိုက်တွေ့ရမည့်အရေးကို ရှောင်လွှဲနိုင်ရန်နှင့် ပြေလည်မှုရ လာ စေရန် မည်သည့်နည်းလမ်းဗျူဟာများ သုံး၍ ရနိုင်ပါမည်နည်း၊ အခြားရွေး လမ်း များလည်း ရှိပါသေး၏လော ဟူသည့် မေးခွန်းပင် ဖြစ်သည်။

မြန်မာစစ်အစိုးရက ၁၇ ဖွဲ့ သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ၁၉၈၉ ခုနှစ်မှ စတင် အကောင်အထည် ဖော်ခဲ့သည်။ ၎င်းအဖွဲ့များကို လက်နက် ဆက်လက် ကိုင်စွဲခွင့်၊ နယ်မြေအချို့ ကို ထိန်းချုပ်ခွင့် ပေးခဲ့သည်။ ဤမူအတိုင်း လွန်ခဲ့သည့် နှစ် ၂၀ အတွင်း ကျင့်သုံးဆက်ဆံလာခြင်းဖြစ်သည်။ စစ်အစိုးရ ဘက် က ကြည့်မည်ဆိုလျှင် ဤအခြေအနေသည် အလွန်အမင်းသည်းခံ ခွင့်ပြုထားခြင်းပင်။ ပြောရမည်ဆိုလျှင် ဗမာ အများစုက အနည်းနှင့်အများဆိုသလို လူမျိုးကြီးဝါဒရှိကြပြီး တိုင်းရင်းသား လူမျိုးစုများနှင့်ဆိုလျှင် အကိုကြီးက ညီငယ်များကို ဆက်ဆံ သလိုသဘောထား ရှိတတ်ကြသည်။

မြန်မာစစ်အစိုးရက ဤအခြေအနေကို အနည်းဆုံး အကြောင်းပြချက် ၃ ခုဖြင့် လက်ခံထားခဲ့ခြင်း ဖြစ်သည်။ ပထမ အချက် မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ပြုထားခြင်းအားဖြင့် မြန်မာ့တပ်မတော်က ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထု အုံကြွမှုကြီးအပြီးတွင် စစ်မျက်နှာပေါင်းစုံ ဖွင့်ထားရခြင်းမှ ရှောင်လွှဲနိုင်လိမ့်မည်ဖြစ်ပြီး နိုင်ငံရေး အတိုက်အခံများကို ချေမှုန်း နိုင်ရေးအတွက် အလေးပေး အာရုံထား ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ဒုတိယအချက်မှာ နယ်စပ်ဒေသများတွင် အပစ်အခတ် ရပ်စဲထားနိုင်ခြင်းအားဖြင့် အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေးကို အထူး တိုးချဲ့နိုင်ခဲ့သည်။ အထူးသဖြင့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် လုံခြုံရေး အရ၊ စီးပွားရေးအရ တိုး၍ ပူးပေါင်းဆောင် ရွက်လာနိုင်သည်။ တချိန်က မြန်မာနိုင်ငံ နယ်စပ်ရှိ တိုင်းရင်းသား သူပုန်များကို ကြားခံဇုန်အဖြစ် အဓိကထား၍ ထောက်ခံ ပေးနေသည့် အခြေအနေ၊ သဘောတရားရေးရာ နီးစပ်မှုကြောင့် ကူညီနေသည့် အခြေအနေမှ မြန်မာ စစ်အစိုးရနှင့် စီးပွား ရေးအရ အပြည့်အ၀ပူးပေါင်း ဆောင်ရွက်လာကြသည့် အခြေအနေသို့ ရောက်လာသည်။ ဤနိုင်ငံများက မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများ၊ နယ်စပ် ကုန်သွယ်ရေးများ အကြီးအကျယ် ဆောင်ရွက်လာခဲ့သည်။

နောက်ဆုံးအချက်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကြောင့် ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီ အုံကြွမှုကြီးကိုသွေးထွက် သံယို အကြမ်းဖက် ချေမှုန်းခဲ့ပြီးချိန်မှစ၍ စစ်အစိုးရက အလွန်အမင်း လိုချင်နေသည့် နိုင်ငံရေးအရ အသိအမှတ်ပြုမှု၊ တရားဝင်မှုကိုလည်း ရလာစေသည်။ စစ်အစိုးရက အပစ်အခတ် ရပ်စဲရေး ပြုထားသည့် တိုင်းရင်းသား အဖွဲ့များကို ထောက်ပြ၍ အမြဲတစေဆိုသလို "အမျိုးသား ပြန်လည် သင့်မြတ်ရေး" မူဝါဒကို ကျင့်သုံးနေကြောင်း ၀ါကြွား ပြောဆိုခဲ့ပြီး သူတို့ အုပ်ချုပ်နေမှုအတွက် တရားဝင်မှု ရှိသယောင် ဖော်ပြပြောဆိုခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ စစ်အစိုးရက သည်းခံပြီး ကျင့်သုံးခဲ့သည့် မဟာဗျူဟာ၏ အောင်မြင်မှုကို ယခုအခါ စမ်းသပ်စစ်ဆေး မှတ်ကျောက်တင်ရတော့မည့် အချိန်ပင် ဖြစ်သည်။ စစ်အစိုးရ ပြောပြောနေသည့် "စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ စနစ်" ထူထောင် အောင်မြင်နိုင်ရန်အတွက် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လုပ်ဆောင်ရမည့် အချက် ၂ ချက် ရှိနေပါသည်။

အချက်အားလုံးအနက် အရေးကြီးသည့် အချက်မှာ စစ်အစိုးရက ၎င်း၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း မြေပုံများကို ပြန် လည် ပြင်ဆင်သတ်မှတ်ရန် လိုအပ်ခြင်းပင် ဖြစ်သည်။ အခြေခံ ဖွဲ့စည်းပုံဖြစ်သည့် မြန်မာနိုင်ငံ ဗဟိုချက်မ ဒေသများတွင် ရှိသည့် တိုင်း ဒေသကြီး ၇ ခုနှင့် ၎င်းတို့ကို ၀န်းရံထားသည့် တိုင်းရင်းသား ပြည်နယ် ၇ ခုမှာ ယခင်အတိုင်း မပြောင်းမလဲ ဆက်လက် ပြဌာန်းထားသည်။

ဤအချက်အရ တိုင်းဒေသကြီး ၇ ခုတွင် နေထိုင်သော ဗမာ လူများစု၏ လွှမ်းမိုးထားမှုကို အသာပေးထားခြင်း ဖြစ်သည်။ သို့သော်လည်း အချို့သော ပြည်နယ်များ မြေပုံ ပြန်လည် ရေးဆွဲခံရမည် ဖြစ်သည်။ ဖွဲ့စည်းပုံအသစ်တွင် စစ်အစိုးရက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခု (နာဂ၊ ဓနု၊ ပအို့ဝ်၊ ပလောင်နှင့် ကိုးကန့် တိုင်းရင်းသားများအတွက်) နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း ၁ ခု ( ၀ တိုင်းရင်းသားများ အတွက်) ဟူ၍ ပြဌာန်းထားသည်။ အခြေခံဥပဒေသစ်အရ စစ်အစိုးရက မြေပုံများကို ပြန်လည် ရေးဆွဲ ပြဌာန်းသည့်အခါ အပစ်ရပ်အဖွဲ့များအတွက် သတ်မှတ်ပေးခဲ့သော အထူးဒေသ (၁၇) ခု သည်လည်း သက်တမ်းကုန် နိဂုံးချုပ်ရတော့မည် ဖြစ်သည်။ ဤသို့မြေပုံ ပြန်လည် ရေးဆွဲမူကို မဲဆန္ဒနယ်များ ပြန်လည် သတ်မှတ်ရန် လိုအပ်ချက်နှင့်အညီ အမြန်အကောင်အထည် ဖော်ရပေတော့မည်၊ အထူးသဖြင့် တိုင်းရင်းသား ဒေသများ တွင်ဖြစ်သည်။ သို့သော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးအကြား မြေပုံပြန်လည်ရေးဆွဲသတ်မှတ်မည့်ကိစ္စနှင့် ပတ်သက်၍ ကျေလည်မှု မရနိုင်ကြသေးဘဲ၊ အငြင်းပွားဖွယ်ကိစ္စရပ် ဖြစ်နေသည်။

ဒုတိယအချက်မှာ စစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို လက်နက်ဖြုတ်သိမ်းရန်၊ သူတို့ထံမှ နယ်မြေကို ပြန်လည်ထိန်းချုပ်ရန်၊ နိုင်ငံရေးပါတီများအဖြစ်အသွင်ပြောင်းပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေးအတွက် အဓမ္မ တိုက်တွန်းရန် စသည်တို့ ဖြစ်သည်။ ဤအချက်က ပို၍ အရေးကြီးသည်။ ဤကြိုးပမ်းနေမှုများသည်ပင် စစ်အစိုးရက ပြောနေသည့် "ဘော်လကန်နိုင်ငံများကဲ့သို့ ကွဲထွက်မသွားစေရန် ထိန်းသိမ်း စုစည်းထားရပါသည်" ဟူသော အဆိုကို မှတ်ကျောက် တင်ရတော့မည့် အချိန် ဖြစ်နေသည်။ အကယ်၍ ဤရည်ရွယ်ချက်သာ အထမမြောက်ဘဲ၊ သေနတ် ပြန် ဖောက်လာမည် ဆိုပါက အဆိုးရွားဆုံးသော အခြေအနေကို ကြုံကြရတော့မည် ဖြစ်သည်။ ဒေသဆိုင်ရာ မတည်ငြိမ်မှု အဆိုးရွားဆုံး ကာလ နောက်တခုကိုလည်း ဖြတ်သန်းကြရတော့ မည်ဖြစ်သည်။

သို့သော် မေးခွန်းမှာ တိုင်းရင်းသား အပစ်ရပ်အဖွဲ့များက စစ်အစိုးရ၏ အနာဂတ် အစီအစဉ်ကို မည်သို့မည်ပုံ တုံ့ပြန်နိုင် မည်နည်း ဟူ၍ ဖြစ်သည်။ မြင်ရသလောက် ဖော်ပြချက်များမှာ တိုင်းရင်းသား အုပ်စုများက စစ်အစိုးရ တောင်းဆိုနေသည့် အတိုင်း လွယ်လွယ် လိုက်လျောဖွယ် မရှိပါ။ ဥပမာအားဖြင့် ၀ ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSP) က ယခုအခါ သူ့ကိုယ်သူ ပြည်ထောင်စု မြန်မာနိုင်ငံ ၀ပြည်နယ် အထူး အုပ်ချုပ်ရေး ဒေသ အစိုးရအဖြစ် ခေါ်ဝေါ် အသုံးပြုနေသည်။ UWSP က ၀ တိုင်းရင်းသားများ နေထိုင်ရာဒေသကို "ပြည်နယ်" အဖြစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ထည့်သွင်း ပြဌာန်း ရန် ကာလကြာရှည်စွာကပင် တောင်းဆိုထားခဲ့ပြီး ဖြစ်သည်။ သူတို့ ထိန်းချုပ်ထားသည့် "ရှမ်းပြည်နယ် အထူးဒေသ ၂" အောက်ရှိ ဒေသများကို စစ်အစိုးရက အခြေခံ ဥပဒေသစ်တွင် သတ်မှတ်ပြဌာန်းထားသည့် "ရှမ်းပြည်နယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း" အဖြစ် ခေါ်ဆိုရန် ငြင်းဆန်နေသည်။

အခြား အင်အားကောင်းသည့် အပစ်အခတ် ရပ်စဲရေး အဖွဲ့နှစ်ခုဖြစ်သော ကချင် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နှင့် မွန် ပြည်သစ်ပါတီ (NMSP) တို့က လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် သူတို့အဖွဲ့အစည်းများက ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း တရားဝင်ကြေညာချက် ထုတ်ပြန်ထားကြပြီး ဖြစ်သည်။ ထိုမျှမက မွန်ပြည်သစ်ပါတီသည် စစ်တပ်ကရေး ဆွဲ ထားသည့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို လက်မခံကြောင်းအထိ တိုး၍ ပြောထားပြီး ဖြစ်သည်။

အပစ်ရပ်အဖွဲ့များ လုပ်ဆောင်သင့်သည့်၊ လုပ်ဆောင်နိုင်စွမ်းလည်း ရှိသည့် အချက် ၂ ခု ရှိပါသည်။ ပထမ အချက်မှာ စစ်အစိုးရက အတင်းအကျပ် လက်နက်ဖြုတ်လာမည့်ကိစ္စကို လက်ရှိ အခြေအနေတွင် ငြင်းဆန် အံတုရန် ဖြစ်သည်။ အချို့သော အဖွဲ့များက သူတို့၏ အဆွယ်အပွား ပါတီများမှ တဆင့် ရွေးကောက်ပွဲ ၀င်ရောက်နိုင်သော်လည်း သူတို့က စစ်အစိုးရ တောင်းဆိုသည့်အတိုင်း လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်ရေး၊ သို့မဟုတ် ထိန်းချုပ်ထားသည့် နယ်မြေများ စွန့်လွှတ်ရေး ကိစ္စများကို အလွယ်တကူ မလိုက်လျောသင့်ပါ။

ဒုတိယအနေနှင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီစနစ်သို့ချောမွေ့စွာ အာဏာ လွှဲပြောင်းရေးတို့ကို ဖြစ်ပေါ်စေလိမ့်မည် မဟုတ်ကြောင်း၊ တိုင်းရင်းသားများ လိုလားနေသည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အခွင့် အရေးလည်း ပေါ်ပေါက်လာမည် မဟုတ်ကြောင်း အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ၊ ဒေသဆိုင်ရာ အဖွဲ့အစည်း ဖြစ်သည့် အရှေ့တောင် အာရှ နိုင်ငံများ အသင်း (အာဆီယံ) တို့ သိစေရန် ဆောင်ရွက်သင့်ပါသည်။

နိုင်ငံတော်၏ ဖွဲ့စည်းပုံကို ပြန်လည်မသတ်မှတ်မီတွင် စစ်မှန်သော အမျိုးသားပြန်လည် သင့်မြတ်ရေး၊ နိုင်ငံ တည်ဆောက် ရေး လုပ်ငန်းများကို တင်ကြို လုပ်ဆောင်ကြရမည် ဖြစ်ပါသည်။ အိမ်နီးချင်း နိုင်ငံများနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းတို့ကို လည်း " ဘောလ်ကန်နိုင်ငံများကဲ့သို့ ယခု ကွဲမထွက်သွားစေရန် ထိန်းချုပ်ထားသည့် အခြေအနေ" မှနေ၍ အချိန်မရွေး ဒေသအလိုက် လက်နက်ကိုင် ပဋိပက္ခများ ပြန်လည် ဖြစ်ပွားလာနိုင်သည့် အခြေအနေ၊ မတည်ငြိမ်မှု တိုးပွားလာနိုင်သည့် အခြေအနေကို သတိပေး ပြောဆိုကြရမည် ဖြစ်ပါသည်။ အကယ်၍ အပစ်ရပ် တိုင်းရင်းသားအဖွဲ့များနှင့် စစ်အစိုးရအကြား နိုင်ငံရေး ပြေလည်မှု ရရှိသည့်တိုင် ညှိနှိုင်း အပေးအယူ ပြုနိုင်ခြင်း မရှိပါက စုစုပေါင်းလိုက်လျှင် လက်နက်ကိုင် အင်အား ၄၀,၀၀၀ ကျော် ရှိသည့် ကျန်အပစ်ရပ် ၁၄ ဖွဲ့၏ အခြေအနေသည်လည်း စိုးရိမ်ဖွယ်ပင် ဖြစ်သည်။ ဤသို့ မတည်ငြိမ်မှုများ ဖြစ်ပွားလာနိုင်သည့် အခြေအနေကို တရုတ်နိုင်ငံကလည်း စိုးရိမ် ပူပန်နိုင်ပါသည်။ အကြောင်းမှာ အင်အားကောင်းသည့် ကချင်နှင့် ၀တပ်ဖွဲ့များ ထိန်းချုပ်ထားရာ တရုတ် မြန်မာ နယ်စပ် ဒေသသည်ပင် မတည်ငြိမ် ပေါက်ကွဲမှုများ ပေါ်ပေါက် လာဖွယ် ဒေသ ဖြစ်နေသောကြောင့်ပင်။

အထက်တွင် ဖော်ပြခဲ့သော အာခံဆန့်ကျင်မှု၊ သတိပေး ပြောဆိုမှုများနှင့်အတူ တောင်းဆိုချက်၂ ခု ကိုလည်း ထည့်သွင်း ပြုလုပ်ရန် လိုအပ်ပါသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည် ပြုပြင်ရေးကိစ္စနှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်ရေးကိုလည်း တောင်းဆိုရန် လိုအပ်ပါသည်။ နိုင်ငံရေး အကျဉ်းသားများဟု ဆိုရာ၌ တိုင်းရင်းသားများ ဖြစ်ကြ သည့် ရှမ်း အပစ်ရပ်အဖွဲ့ ခေါင်းဆောင် ဗိုလချုပ် ဆေထင်၊ ရှမ်းပြည်မှ ရွေးချယ်ခံ ပြည်သူ့လွှတ်တော် အမတ် ခွန်ထွန်းဦးတို့ လည်း အပါအ၀င် ဖြစ်ပါသည်။ ဤတောင်းဆိုချက်များသည် ပြည်မရှိ အဓိက အတိုက်အခံ အင်အားစုများ၏ တောင်းဆို ချက်များနှင့်လည်း တသားတည်း ဖြစ်သည်။ နိုင်ငံတကာက တောင်းဆိုနေသည်မှာလည်း ဤအချက်များပင် ဖြစ်ပါသည်။

သို့သော်လည်း အပစ်ရပ် အဖွဲ့များက မဟာဗျူဟာကျကျ လှုပ်ရှားကြရန် လိုအပ်ပြီး လှုပ်ရှားမှုကိုလည်း ချိန်ကိုက် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်နေပါသည်။ သို့မဟုတ်ပါက အဖွဲ့တွင်း အားပြိုင်မှု ပဋိပက္ခများနှင့် ရင်ဆိုင်ကြရမည်ဖြစ်ပြီး အကွဲ အပြဲ များလည်း ကြုံရနိုင်ပါသေးသည်။ တချို့အဖွဲ့များက လက်နက်စွန့်ရေးကို လိုက်လျောလိုသည်၊ တချို့က ဆန့်ကျင်လိုသည် စသည်ဖြင့် အဖွဲ့အတွင်း သဘောထားကွဲမှုများ ဖြစ်ပေါ်လာနိုင်သည်။ ထို့အပြင် လက်နက်ချမည်၊ ဆက်တိုက်ကြမည် စသဖြင့် အကွဲအပြဲများ ဖြစ်နိုင်သည်။

အမှန်ဆိုရလျှင် တိုင်းရင်းသားအဖွဲ့များအကြား အတိတ်ကာလကပင် ပူးပေါင်း ရပ်တည်ခဲ့ကြသည့် နိုင်ငံရေး တောင်းဆို ချက်များ ရှိနေပါသည်။ စစ်အစိုးရက ၂၀၀၄ ခုနှစ်တွင် အမျိုးသား ညီလာခံ ပြန်လည် စတင်သည့်အခါ၊ အပစ်ရပ် အဖွဲ့များ စုပေါင်း၍ စစ်အစိုးရထံ တောင်းဆိုချက်များ ၂ ကြိမ်တိုင်တိုင် တင်သွင်းခဲ့ကြပါသည်။ ပထမအကြိမ်တွင် ၈ ဖွဲ့၊ ဒုတိယ အကြိမ်တွင် ၁၃ ဖွဲ့ (KIO နှင့် NMSP တို့က နှစ်ကြိမ်စလုံးတွင် ပါဝင်ခဲ့ကြသည်) စသဖြင့် စုပေါင်း တောင်းဆိုခဲ့ကြဖူးပါ သည်။ ၎င်း တောင်းဆိုချက်များတွင် အမျိုးသားညီလာခံ၏ ဒီမိုကရေစီနည်းမကျသည့် မူဝါဒများ၊ လုပ်ထုံး လုပ်နည်းများကို ဆွေးနွေး ညှိနှိုင်းခွင့်ရရန်နှင့် ပြင်လည် ပြင်ဆင်ခွင့်ရရန် ကိစ္စ၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ် စားလှယ်များ အမျိုးသား ညီလာခံတွင် ပါဝင် ဆောင်ရွက်ခွင့် ရရန်၊ ပြည်နယ်များသို့ အာဏာများ အတိအကျ ခွဲဝေပေးရန် စသည့် ကိစ္စများလည်း အပါအ၀င်ဖြစ်သည်။

အလားတူ စုပေါင်းကြိုးပမ်းချက်မျိုးကို နိုင်ငံရေးရည်မှန်းချက် ၂ ခု ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ် ပြင် ဆင်နိုင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်စေရေးအတွက် ယခုအခါ ပြန်လည်စတင်သင့်ပြီ ဖြစ်သည်။ ကျယ် ပြန့်သည့်၊ စနစ်တကျ ပူးပေါင်း ဆောင်ရွက်မှုရှိသည့် ကြိုးပမ်းမှုမျိုးကို မဟာ ဗျူဟာမြောက်စွာ ဆောင်ရွက်သင့်ပေသည်။ တိုင်းရင်းသား အုပ်စုများ၏ ပြည်တွင်းအားကိုသာမက အိမ်နီးချင်းနိုင်ငံများက ပါဝင်လာပြီး မြန်မာနိုင်ငံတွင် အများက လက်ခံနိုင်သည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ထွန်းလာစေရန် ၀ိုင်းဝန်း ကြိုးပမ်းလာစေရေးအတွက် စတင် လှုပ်ရှား သင့်သော အချိန်ပင် ဖြစ်ပါသည်။

အကယ်၍ အပစ်အခတ်ရပ်စဲရေး အဖွဲ့များသာ ယခုကဲ့သို့ အရေးပါလှသည့် သမိုင်းဝင် အလှည့်အပြောင်းတွင် ညီညွတ်စွာ ပူးပေါင်းရပ်တည်ခြင်း မရှိခဲ့ပါက၊ ဗျူဟာမြောက်စွာ မလှုပ်ရှားနိုင်ပါက သူတို့အဖို့ အခြေပျက်ကြရမည် ဖြစ်သည်။ စစ်အစိုးရ ကျင့်သုံးနေသည့် "သွေးခွဲအုပ်ချုပ်ရေး" ထောင်ချောက် ကျော့ကွင်းထဲသို့ သက်ဆင်းကြရဖွယ် ရှိနေသည်။

ရေရှည်ကြည့်မည်ဆိုလျှင် စစ်အစိုးရ ရေးဆွဲထားသည့် အခြေခံဥပဒေအောက်တွင် အများဆုံး နစ်နာကြမည့်သူများမှာ တိုင်းရင်းသား လူနည်းစုများသာ ဖြစ်ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းတွင် မြန်မာနိုင်ငံသည် ဗဟို ဦးစီးချုပ်ကိုင်မှု ကဲလွန်းသော နိုင်ငံတခုအဖြစ် ဆက်လက် ရှိနေပေဦးမည်။ သမ္မတကို အပ်နှင်းထားသည့် ဒီမိုကရေစီနည်း မကျလှသော အာဏာနှင့် အုပ်ချုပ်ရေး အဆင့်တိုင်းတွင် စစ်တပ် ကိုယ်စားလှယ်များ ပါဝင်နေမည် ဆိုခြင်းကြောင့် တိုင်းရင်းသား ဒေသ များတွင် အကျိုးဖြစ်ထွန်းလာဖွယ် မရှိပါ။ တိုင်းရင်းသားများ လိုလားနေကြသည့် ကိုယ်ပိုင် အုပ်ချုပ်ရေး စနစ်သည်လည်း ပေါ်ပေါက်လာဖွယ် မရှိချေ။

ဤအခြေအနေတွင် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများ၊ စစ်အစိုးရနှင့် နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများနှင့် ကုန်သည်များ၊ တိုင်းရင်းသား မူးယစ် ရာဇာများ၊ လူကုန်ထံများကသာ တိုင်းရင်းသားများ နယ်မြေအတွင်းရှိ သဘာဝ သယံဇာတ ရင်းမြစ်များကို စိတ်ကြိုက် ထုတ်ယူ သုံးစွဲကြမည် ဖြစ်သည်။ ဒေသခံ တိုင်းရင်းသား ပြည်သူများ အ တွက် စီးပွားရေးအခွင့်အလမ်းများလည်း ဆက်လက် ငြင်းပယ်ခံရဦးမည် ဖြစ်သည်။ အလားတူ အခြေအနေမျိုးကို နေရာ အနှံ့ အပြားတွင် ကြုံတွေ့ရပြီး ဖြစ်သည်။ ဥပမာအားဖြင့် တရုတ်သစ်ကုမ္ပဏီများက သူတို့ကိုယ်ပိုင် သစ်ခုတ်သမားများ၊ ကားမောင်းသူများ၊ လုပ်သားများဖြင့် လာရောက်၍ ၀ဒေသအတွင်း သစ်ကွက်များကို ခုတ်လှဲနေကြပြီ ဖြစ်သည်။ ဒေသခံ လူထုက ဆင်းရဲမြဲ၊ လူမှုဒုက္ခများ ခံစားရမြဲ ရှိနေကြသည့်အပြင် မူးယစ်ဆေးစွဲမှု၊ ပြည့်တန်ဆာဖြစ်ရမှု၊ ရောဂါဘယ ထူပြော မှု များသာ ပိုမို များပြားလာရသည်။

၂၀၁၀ ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင် ညံ့ဖျင်းသည့် အစိုးရအုပ်ချုပ်ရေး၊ လောဘဇော တက်နေကြသည့် စီးပွားရေး လုပ်ငန်းရှင်များကြောင့် တိုင်းရင်းသား ပြည်နယ်များတွင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးရမှုများ၊ ပိုမို ဖျက်ဆီးခံရ မှုများ ကြုံတွေ့ရရန်သာ အကြောင်းရှိနေသည်။ တိုင်းရင်းသား ယဉ်ကျေးမှု၊ စာပေ၊ ၀ိသေသ လက္ခဏာများ ဆက်လက် ထိန်းသိမ်းရေး ဆိုသည်မှာပင် ခြိမ်းခြောက်ခံနေရသည့် အခြေအနေဖြစ်သည်။ အကြောင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ များ၊ ပြည်နယ်များတွင် ဘာသာစကား၊ ယဉ်ကျေးမှု၊ ဘာသာရေးဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်၍ ဆုံးဖြတ်ခွင့် အာဏာ လုံးဝ ကင်းမဲ့နေခြင်းကြောင့် ဖြစ်သည်။

ထိုမျှမက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ၂၀၁၀ ရွေးကောက်ပွဲပြီးကာလတွင် စစ်တပ်အရေး ကိစ္စသက်သက် ကိုသာ လွတ်လပ်စွာ ကိုင်တွယ်ဆောင်ရွက်တော့မည် ဖြစ်သောကြောင့် ပို၍ဒုက္ခများဖွယ် ရှိနေသည်။ စစ်တပ်အတွက် လူ အင်အား စုဆောင်းမှု၊ ကလေးစစ်သားများ ပြဿနာ၊ အဓမ္မ ပြောင်းရွှေ့နေရာချထားမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ မြေမြုပ်မိုင်း ပြဿနာ၊ ပြည်တွင်း ထွက်ပြေးနေကြရသည့် အခြေမဲ့ ဒုက္ခသည်များ၊ အိမ်နီးချင်း နိုင်ငံများသို့ ဒုက္ခသည်များ ထွက်ပြေးနေ ရခြင်း၊ မုဒိမ်းပြုကျင့်မှုများနှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ စသည့် စစ်တပ်ကို အထိန်းအကွပ်မရှိ အာဏာ သုံးခွင့် ပေးထားသောကြောင့် ဖြစ်နေသည့် အမူအကျင့်များကိုလည်း မဖြေရှင်းနိုင်ဘဲ ဆက်လက် ကြုံတွေ့နေကြရဦးတော့ မည် ဖြစ်သည်။ အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင် ပို၍ ဆိုးရွားစွာ ခံစားနေခဲ့ကြရသလို ဆက်၍လည်း ခံစားရဖွယ် ရှိနေသည်။

စဉ်ဆက်မပြတ် ကြုံတွေ့လာခဲ့ရသော ဖိနှိပ်မှုများ၊ စီးပွားရေးအရ ကမ္ဘာလွှမ်းပတ် ဆက်သွယ်မှုအရ ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကြောင့် တိုင်းရင်းသား ပြည်နယ်များသည် ပညာရှင် ဟော့ဘ် (Hobbes) ဖော်ပြခဲ့သလို "အထီးကျန် ဖြစ်နေ ရသော၊ ဆင်းရဲသော၊ ညစ်ညမ်းသော၊ ရက်စက် ကြမ်းကြုတ်သော၊ မဖွံ့ဖြိုးသော" ဒေသများသာ ဖြစ်နေကြပေမည်။

ရွေးချယ်မှုက အပစ်အခတ်ရပ်စဲရေးအဖွဲ့ခေါင်းဆောင်များ၏ သဘောသာလျှင် ဖြစ်သည်။ သူတို့၏ တိုင်းရင်းသား လူမျိုးများ အတွက် အနှစ် ၆၀ ကျော်ဆင်နွှဲလာခဲ့သည့်တော်လှန်ရေးကို သစ္စာဖောက်ကြမည်လော၊ သို့မဟုတ် ထိရောက်သောဗျူဟာ ချမှတ်ကျင့်သုံးပြီး တိုင်းရင်းသားများ တန်းတူအခွင့်အရေးအတွက် အတူတကွ ရပ်တည် တိုက်ပွဲဝင်ကြမည်လော ဟူ၍ ရွေးချယ်ရတော့မည့် အခြေအနေ ဖြစ်သည်။ ကျန်သည့်ကိစ္စများကို သမိုင်းကသာ အဆုံးဖြတ်ပေးမည် ဖြစ်ပါသည်။

မင်းဇင်ရေးသားသည့် Ethnic Minorities Hold the Key to Burma’s Future ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ကိုမင်းဇင်သည် ပြည်ပအခြေစိုက် သတင်းထောက်တဦး ဖြစ်ပြီး ကယ်လီဖိုးနီးယား တက္ကသိုလ် (ဘာကလေ) သတင်းစာပညာ ကျောင်း၌ သင်ကြား ပို့ချနေသည့် ဆရာတဦးဖြစ်ပါသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.