တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, February 3, 2010

နယ်ခြားစောင့်တပ် ဖွဲ့ဖို့ လက်မခံနိုင်ဘူး

တိုင်းရင်းသားအသံ

နယ်ခြားစောင့်တပ် ဖွဲ့ဖို့ လက်မခံနိုင်ဘူး

Wednesday, 03 February 2010 13:04 ဧရာဝတီ
နိုင်ထောမွန်သည် မွန်ပြည်နယ် အခြေစိုက် နိုင်ငံရေးအဖွဲ့ ဖြစ်သည့် မွန်ပြည်သစ် ပါတီ၏ ဥက္ကဋ္ဌ ဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင် စတင် တည်ထောင်သည့် မွန်ပြည်သစ် ပါတီသည် လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ကျင့်သုံးခဲ့ပြီး မြန်မာ့ တပ်မတော်နှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ရာမှ လွန်ခဲ့သည့် ၁၅ နှစ်က အပစ်အခတ် ရပ်စဲရန် သဘောတူညီခဲ့ကြသည်။

မွန်ပြည်သစ်ပါတီသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲသည့် အမျိုးသားညီလာခံတွင် ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် အခြေခံဥပဒေ ရေးဆွဲမှု အစီအစဉ်နှင့် ပတ်သက်ပြီး စစ်အစိုးရနှင့် သဘောထားခြင်း မတိုက်ဆိုင်သဖြင့် ညီလာခံသို့ လေ့လာသူတချို့ကိုသာ စေလွှတ်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကဲ့သို့ပင် မွန်ပြည်သစ်ပါတီသည် သူ၏ စစ်ရေးအဖွဲ့ကို နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ ညွှန်ကြားချက်နှင့် ရင်ဆိုင်ရသည်။

မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန် (ဓာတ်ပုံ - ဧရာဝတီ)

ဇန်နဝါရီ ၃၀ ရက်နေ့၊ မွန်အမျိုးသား နေ့တွင် ဥက္ကဋ္ဌ နိုင်ထောမွန်က ဧရာဝတီနှင့် ထိုင်း-မြန်မာ နယ်ခြားတွင် တွေ့ဆုံစဉ် မြန်မာ့နိုင်ငံရေး အခြေအနေ၊ မွန်ပြည်သစ် ပါတီ၏ သဘောထား အမြင်တို့ကို ပြောပြခဲ့သည်။


မေး။ ။ မွန်ပြည်သစ်ပါတီ အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုထင်လဲ။

ဖြေ။ ။ကျနော်တို့ သဘောထား ပေးထားပြီးသားပဲ။ ဖွဲ့စည်းအုပ်ချုပ်ပုံ (အခြေခံဥပဒေ) ကို ပြင်ဖို့၊ ပြင်ပြီးမှ ကျနော်တို့ စဉ်းစားရမှာပေါ့၊ ဒီအတိုင်းဆိုရင် ကျနော်တို့ လက်မခံဘူး ပြောထားပြီးသားပဲ။

မေး။ ။ နအဖ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ ဒါလည်း ကျနော်တို့ အကြောင်းပြန်ပြီးပြီလေ။ ကျနော်တို့ လက်မခံနိုင်ဘူး၊ ကျနော်တို့ လူထုတွေကလည်း ဒါကိုလက်ခံဖို့ သဘောမတူကြဘူး၊ ဒါကို အကြောင်းပြန်ထားပြီးသားပဲ။ ဒါပေမယ့် ဆွေးနွေးချင်ရင်တော့ ကျနော်တို့ ဆွေးနွေးနိုင်ပါတယ်လို့ အဲဒီလိုပဲ ပြောထားပြီးသားပဲ။

မေး။ ။ မြန်မာစစ်အစိုးရဘက်က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ဖိအားပေးမှုတွေ ရှိသလဲ။

ဖြေ။ ။ သူတို့ဘက်က မပြောသေးဘူး လောလောဆယ်။ ဒီအတိုင်းပဲ နေနေတယ်။

မေး။ ။ မြန်မာပြည် မြောက်ပိုင်းမှာလိုမျိုး စစ်အစိုးရက ဖိအားတွေ ပေးလာမယ်၊ စစ်ပြင်ဆင်မှုတွေ ရှိလာမယ်လို့ ထင်သလား။

ဖြေ။ ။ ဒီဘက်အခြေအနေကတော့ အဲဒီလို ထွေထွေ ထူးထူး မဖြစ်လာသေးဘူးလို့ မြင်တယ်။ ပြဿနာကလည်း တခြားကိစ္စတွေ ရှိသေးတယ် ထင်တယ်။ ဒီဘက် အခြေအနေ ကြည့်တာ ထူးခြားမှု သိပ်မရှိဘူး။

မေး။ ။ နအဖ စစ်အစိုးရက ရွေးကောက်ပွဲ တကယ်လုပ်မယ်လို့ ထင်သလား။

ဖြေ။ ။ လုပ်မယ်ထင်တယ်၊ ဒါ သူ့ထွက်ပေါက် ဖြစ်နေတော့ သူ လုပ်မယ် ထင်တယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ မရှိဘဲနဲ့ ဒီအတိုင်းသွားရင် ကြာရင် မလွယ်ဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံ တမျိုးမျိုးနဲ့ သူ သွားမှ ပိုပြီးတော့ အဆင်ပြေမယ့် သဘောရှိတယ်ဆိုတော့ သူ့ ထွက်ပေါက်ပေါ့။ သူလုပ်မယ် ထင်တယ်လေ။ ဘယ်လိုဖြစ်လာမလဲတော့ မပြောနိုင်သေးဘူး။

မေး။ ။ တကယ်လို့ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြင်ချင်ရင် ဘယ်နေရာကို ပြင်ချင်တာလဲ။ တိုင်းရင်းသားအခွင့်အရေးနဲ့ ပတ်သက်ပြီး ဘာမှ မရှိဘူးလို့ ကျနော်တို့ သိထားတယ်။

ဖြေ။ ။ ကျနော်တို့ အဓိက ပြင်ချင်တာက ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီတဲ့ဟာတွေပေါ့။ အထူးသဖြင့် တပ်က ၂၅ ရာခိုင်နှုန်း ယူထားတာရယ်၊ နောက် - အချက်အချာ ကျတဲ့ နေရာတွေမှာ စစ်ဘက်ကပဲ အများအားဖြင့် ယူထားတာပေါ့၊ ဒါကလည်း တပိုင်းပေါ့။ နောက်တပိုင်းက ဒီမိုကရေစီ အခွင့်အရေးလည်း စံနှုန်းလည်း မမီဘူးပေါ့၊ ဒါတွေ ပြင်ရမယ်။ နောက် တိုင်းရင်းသား အခွင့်အရေးလည်း ခုနက ပြောသလိုပေါ့၊ ဒီမိုကရေစီ အခြေခံ မရှိတော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဆိုပေမယ့်လည်း တကယ်တမ်းကျတော့ အဲဒီ အခွင့်အရေး သိပ်မရှိဘူး။ ကျနော်တို့ (အမျိုးသားညီလာခံမှာ တိုင်းရင်းသားအဖွဲ့) ၁၃ ဖွဲ့ တင်ထားတာလည်း (စစ်အစိုးရက) မစဉ်းစားဘူး မဟုတ်လား။ အဲဒီအကြောင်းရင်းခံတွေကြောင့် ကျနော်တို့ လက်မခံနိုင်ဘူး။ ပြင်ရင်လည်း အဲဒီအချက်တွေ ပြင်ရမှာပေါ့။

မေး။ ။ မြောက်ပိုင်းမှာ ရှိတဲ့ ရှမ်း၊ ၀၊ ကိုးကန့် တိုင်းရင်းသား တွေနဲ့ ပတ်သက်ပြီး ဘာပြောချင်သလဲ။

ဖြေ။ ။ ဘ၀တူတွေပဲ မဟုတ်လား၊ တိုင်းရင်းသားတွေရဲ့ အရေးက ကိုယ်ပိုင်ပြဌာန်းခွင့်၊ တကယ့် စစ်မှန်တဲ့ ပြည်ထောင်စုထဲမှာ တိုင်းရင်းသားတွေ အချင်းချင်း နေဖို့ပဲ လို့ ကျနော်တို့ မြင်တယ်။ အဲဒီရည်မှန်းချက် ရောက်ဖို့က တိုင်းရင်းသားတွေ အားလုံး စုစုစည်းစည်း ရှိကြဖို့ လိုမယ်။ အတူတကွ အမြင်တခုတည်း တိုင်းရင်းသားအရေးအတွက် ပူးတွဲပြီးတော့ ဆက်စပ်မှု ရှိရှိ၊ ညီညွတ်မှု ရှိရှိနဲ့ ကြိုးစားသွားရင်တော့ ရည်မှန်းထားသလို ဖြစ်နိုင်မယ်။

မေး။ ။ မွန်ပြည်နယ်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စစ်တပ်ကနေ တိုးပြီးလုပ်နေတာ ဘာတွေ ရှိသလဲ။

ဖြေ။ ။ မွန်ပြည်နယ်ထဲမှာ အပစ်အခတ်ရပ်ထားတာ ၁၅ နှစ်လောက် ရှိပြီ။ တပ်က မွန်ပြည်နယ်ထဲမှာ တချို့ တိုးလာတာ ရှိတာပေါ့။ သိပ်ပြီး ထွေထွေ ထူးထူး မရှိဘူး ထင်တယ်၊ တိုးချဲ့ထားပြီးသား၊ ၁၀ နှစ် ကျော်ပြီ မဟုတ်လား။

မေး။ ။ စစ်အစိုးရတပ်တွေ မွန်ပြည်နယ်ထဲမှာ ဘယ်လောက်တောင် တိုးလာသလဲ။

ဖြေ။ ။ သိပ်မတိုးဘူး။ နေရာတွေ ပိုပြီးတော့ ယူလာတယ်။ တပ်မ ၁၉ ရေး (မြို့) ဧရိယာ ခွင်မှာပေါ့၊ တပ်တွေ ရှိထားပြီးသားပဲ။ ကျနော်တို့ ဧရိယာထဲမှာ လှုပ်ရှားလာတဲ့ အပိုင်းတော့ မရှိဘူး။ တပ်တွေ ချထားရုံလောက်ပဲ ရှိတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုကတော့ ရှိမှာပေါ့၊ စစ်အုပ်ချုပ်ရေး ယန္တရားက ရှိနေတယ် ဆိုတော့ ရှိမှာပဲ၊ အသေးစိတ် ပြောရင်တော့ ပြောလို့ မကုန်ဘူး။ စစ်အုပ်ချုပ်ရေး ရှိနေသမျှ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဓမ္မတာပဲ၊ သူ ရှိမှာပဲ။

မေး။ ။ မွန်ပြည်သစ်ပါတီရဲ့ လက်အောက်ခံတပ်တွေက ပြန်တိုက်ဖို့ အစီအစဉ်ရော ရှိသလား။

ဖြေ။ ။ ဒါကတော့ နိုင်ငံရေး အခြေအနေပေါ် တည်မှာပေါ့။ သူက တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမယ် ဆိုရင် ကျနော်တို့လည်း ဒါကို လိုလားတယ်ပေါ့၊ မဟုတ်လား။ ကျနော်တို့က ကြိုးစားနေတာ ဒါပဲ။ သူက အင်အားသုံးပြီး ဖြေရှင်းမယ် ဆိုရင် ဖြစ်နိုင်တဲ့နည်းနဲ့ ခုခံ ကာကွယ်ရမှာပေါ့။

မေး။ ။ အခု ပြောခဲ့တဲ့ မွန်အမျိုးသားနေ့ မိန့်ခွန်းထဲမှာ အမေရိကန် အစိုးရရဲ့ ပေါ်လစီ လို့ ထည့်ပြောသွားတာ ကြားလိုက်ရပါတယ်။ စစ်အစိုးရကို အမေရိကန်က ပိတ်ဆို့မှုတွေ့နဲ့ အရေးယူထားတာနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထား ရှိသလဲ။

ဖြေ။ ။ ဒါက အမေရိကန် ပေါ်လစီ၊ သူ့ အစိုးရရဲ့ ရပ်တည်ချက်ပဲ။ တွေ့ဆုံဆွေးနွေးရေးကို ဆက်ပြီး အထောက်အကူ ပြုရင် ကြိုဆိုမယ်။ အထောက်အကူ မပြုဘူး ဆိုရင်တော့ ကျနော်တို့ အမြင်က တမျိုးပေါ့။ သူ့ပေါ်လစီကို ကျနော်တို့ အားလုံး လေ့လာလို့ မပြီးသေး၊ မပြည့်စုံဘူး ဆိုတော့ ပြည့်ပြည့်စုံစုံ ပြောလို့ မဖြစ်နိုင်သေးဘူး။ ကျနော့်အမြင်က သူက တကယ်လို့ တွေ့ဆုံ ဆွေးနွေးရေးဘက်ကို ဦးတည်ပြီးတော့ ဖိအားပေးရင်တော့ ကျနော်တို့ ကြိုဆိုတဲ့သဘော ရှိမှာပေါ့။

မေး။ ။ ကုလသမဂ္ဂကလည်း မြန်မာပြည်မှာ ကြားဝင် စေ့စပ်ဖို့ အစီအစဉ်တွေ လုပ်ခဲ့တယ်။ အောင်မြင်မှု မရှိဘူး။ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ အမြဲတမ်း လာတယ်၊ မစ္စတာ ရာဇာလီ လာတယ်၊ မစ္စတာ ဂန်ဘာရီ လာတယ်၊ အောင်မြင်မှု ဘာမှ မရှိဘူး၊ ဒါကို ဘယ်လိုထင်သလဲ။

ဖြေ။ ။ ပြည်တွင်းရေးလည်း ဖြစ်နေတော့ ဒါကတော့ ကုလသမဂ္ဂကလည်း ပြည်တွင်းရေးကို အားလုံး ၀င်စွက်လို့မှ မရဘဲ။ ဒါကြောင့် ကြိုးစားလည်း အကောင်အထည် မပေါ်ဘူးပေါ့။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုထင်လဲ၊ NLD အပေါ် ဘယ်လို ထင်သလဲ။

ဖြေ။ ။ ဒါက ဒီမိုကရေစီ အောင်ပွဲရထားတဲ့ပါတီပဲ။ ဒါ ကျနော်တို့လည်း ကြိုဆိုတာပေါ့။ သူ့ခေါင်းဆောင်မှုကိုလည်း ပြည်သူ လက်ခံထားပြီးသားပဲ။

မေး။ ။ သူတို့ကို ယုံသလား။

ဖြေ။ ။ ဗမာအဖွဲ့အစည်းအနေနဲ့ ကျနော်တို့ ယုံတာပေါ့၊ ဒါပေမယ့် တိုင်းရင်းသားအရေးနဲ့ ပတ်သက်ရင်တော့ တမျိုးပေါ့။

မေး။ ။ မယုံဘူးပေါ့။

ဖြေ။ ။ ဒါက သူ့လုပ်ရပ်ကို သိရမှာပေါ့။ ဗမာတိုင်းရင်းသားနဲ့ ပတ်သက်ရင် သူ ဗမာလူ့အဖွဲ့အစည်းအတွက် တကယ့် ခေါင်းဆောင်တယောက်ပေါ့။ အသိအမှတ် ပြုမယ်ပေါ့။ ဒါပေမယ့် တိုင်းရင်းသားတွေ အားလုံးနဲ့ ပတ်သက်ရင်တော့ ကျနော် မပြောနိုင်ဘူး၊ သူ့လုပ်ရပ်၊ တကယ့်လုပ်ဆောင်ချက်ပေါ်မှာ မူတည်တာပေါ့။ တိုင်းရင်းသား လက်ခံရင်တော့ သူ ခေါင်းဆောင်မှု ရမှာပေါ့။

မေး။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုရော ယုံသလား။

ဖြေ။ ။ ဒါကလည်း သူ့တိုင်းပြည်အတွက် သူလုပ်တာပေါ့။ တိုင်းရင်းသားအရေး ဒီမိုကရေစီအရေး လုပ်ရင်တော့ ပြည်သူက ကြိုဆိုမှာပေါ့၊ သူမလုပ်ရင်တော့ ကျနော်တို့လည်း လက်မခံနိုင်ဘူး။


No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.