တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Saturday, December 8, 2007

ဘလော့ရေးသူများသို. ...

မိုးထက်နေ (မိုးမခမှကူးယူဖော်ပြထားပါသည်)

ဒီဇင်ဘာ ၅၊ ၂၀၀၇

ကကျနော်တို့ စစ်အစိုးရရဲ့ ရူးကြောင်မူးကြောင်နိုင်တဲ့ နောက်ဆုံးလှုပ်ရှားမှုကတော့ ဝန်ထမ်းတွေ၊ ကြံခိုင်ရေးတွေကို ဘလော့ဂါသင်တန်းတွေပေးပြီးတော့၊ ဘုန်းတော်ဘွဲ့ရေး ခိုင်းတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။
ကျနော်ဟာ ၂၀၀၇ စက်တင်ဘာလ မတိုင်ခင် အထိ ဘလော့ ဆိုတာကို ကြားဘူးနားဝ ရှိဘူးရုံကလွဲလို့  လိုက်လဲမဖတ်ဘူး၊ ကိုယ်ပိုင်လဲ ဘလော့မရှိပါဘူး။ အွန်လိုင်း အသိုင်းအဝိုင်းနဲ့ ဝေးတယ်ပဲပြောပြော၊ ကျနော် ဘလော့တွေ၊ ဘလော့ဂါတွေ နဲ့ က ဘုန်းကြီးနဲ့ ဘီးလို ပါပဲခင်ဗျာ။

ဖြစ်ချင်တော့ စက်တင်ဘာ လူထုတိုက်ပွဲတွေ ဖြစ်နေတဲ့ အချိန်မှာ ကျနော် က မြန်မာပြည်နဲ့ တော်တော်ဝေး ပြီး ၊ မြန်မာလူမျိုး တော်တော်နည်းတဲ့ တိုင်းပြည်တစ်ပြည်မှာ ရောက်နေခဲ့ပါတယ်။ အဲဒီ အချိန်မှာ ပဲ ဒီဘလော့ရဲ့ ပိုင်ရှင် ကိုရွှေဘိုသား က ကျနော် ကို စာရေးဖို အကြိမ်ကြိမ် တိုက်တွန်းတဲ့ အတွက် ကျနော် ဒီဘလော့မှာ စာဝင်ရေး ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဟိုဘလော့သွားလည်၊ ဒီဘလော့ သွားလည်၊ ဟို Tag၊ ဒီ Tag ဆိုတဲ့ ဘလော့ ယဉ်ကျေးမှုထဲ မှာတော့ ခုထိကျနော် ရှိမနေပါဘူး။ ရှိလာဖို့လည်း မရှိပါဘူး။

ကျနော်တွေ့မိတာတွေကို လူတွေကို ပြောပြချင်တဲ့အတွက် ဒီဘလော့မှာ ဆက်ရေးနေတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီတစ်စုံတစ်ယောက် ကျေးဇူးကြောင့်ပဲ မြန်မာနိုင်ငံသားဘလော့ဂါတွေ၊ ဘလော့တွေအကြောင်း သိခွင့်ရခဲ့ပါတယ်။

ဒီနေတော့ သူငယ်ချင်းတစ်ယောက်ပို့လိုက်လို့ နာမည်ကြီးလား၊ နာမည် မကြီးလား မသိပေမဲ့ မြန်မာနိုင်ငံသား စစ်စစ်မြန်မာပြည်ထဲမှာနေတဲ့ ဘလော့ရေးတဲ့ လူတစ်ယောက်ရဲ့ပို့စ် တခုကို ဖတ်လိုက်ရပါတယ်။ အဲဒီမှာ ပြောစရာလေးတွေ နည်းနည်း ရှိလာတဲ့အတွက် ဘလော့ဆရာမ၊ ဘလော့ဆရာတွေ မေတ္တာပို့ ချင်ပို့ ပါစေတော့ အဲဒီလူနားထဲ ပြန်ရောက်စေ့ ချင်လို့ ဒီစာကို ရေးလိုက်ပါတယ်။

ကျနော်ပဲ အကောင်း မမြင်စိတ်များနေလို့လား၊ ဘာလားတော့ မသိဘူး၊ သူ့ပထမဆုံးစာပိုဒ်ကို ဖတ်ပြီးနားလည်တာကတော့ တန်ဖိုးရှိတာလုပ်ဖို့ စိတ်ကူးနေတုန်း၊ ဝန်ထမ်းတွေကို ဘလော့အကြောင်း ဟောပြောပေးဖို့ ဖိတ်ကြားခံရတဲ့ အကြောင်းရေးထားတာပါ။ ပြည်တွင်းမှာနေပြီး နအဖရဲ့ အာဏာစက်ကို ငြင်းဖို့ဆိုတာ တော် တန်ရုံလူအတွက် မဖြစ်နိုင်ဘူးဆိုတာ သိပေမယ့်၊ ဒါကို တန်ဖိုးရှိတဲ့အလုပ်တစ်ခု အနေနဲ့ တင်စားတာတော့ တော်တော်ကို ဆိုးဝါးတယ်လို့ ခံစားမိပါတယ်။

ဒုတိယအပိုဒ်ကတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ဘလော့ရေး ဖို့  အချိန်တွေ၊ ငွေတွေ ဘယ်လောက်ရင်းထားရတယ် ဆိုတာကို ရေးထားပါတယ်။ အဲဒီထဲ မှာ စိတ်မကြေလည် စရာကောင်းတဲစာပိုဒ်ကတော့ “အခု ဖြစ်ပြီးသွားတဲ့ အရေးအခင်းမှာ နာမည်အကြီးဆုံးက မြန်မာဘလော့ဂ်တွေပဲ။ နိုင်ငံခြားက လူတွေကလည်း တကယ်ကို ဂုဏ်ပြုချင်တာလား၊ မတာလား၊ မစာနာတာလား မသိဘူး စောက်သရမ်းတွေ ချီးမွမ်းခန်း ဖွင့်လိုက်ကြတာနဲ့ သိပ်မကြာခင်ဘဲ ဘလော့ဂ်ကို ပိတ်ထည့်လိုက် ပါတော့တယ်။”

တာဝန်ကျေတဲ့ ဘလော့ရေးသားသူ အချို့ကို ချီးမွမ်းတာဖြစ်ပါလိမ့်မယ်။ နောက် သူသုံးထားတဲ့ အခြေအနေရောက်သည်အထိ ချီးမွမ်းတယ် ဆိုတာတော့ ကျနော်လက်မခံနိုင်ပါဘူး။

နောက်တစ်ခု က အဲဒါတွေကြောင့် ဘလော့တွေ ပိတ်လိုက်တယ် ဆိုတာလဲ အတွေးတိမ်လွန် တယ်လို့ မြင်ပါတယ်။ နအဖ ဟာ သူတို့ အကြောင်း အမှန်ရေးတဲ့ ဘယ် Mediaကိုမဆို တားဖို့ ကြိုးစားမှာဖြစ်ပါတယ်။ အင်တာနက်သတင်းဌာနတွေကိုလည်း တားထားတာပဲ ဖြစ်ပါတယ်။

ဒီဘလော့သင်တန်းမှာ ပါဝင်ပို့ချသူတွေကတော့ သောင်းစုငြိမ်း၊ ရဲမြတ်သူ၊ ဦးကိုကို ဆိုတဲ့ နအဖနဲ့ အကျိုးစီးပွားတူ ပညာရှင်တွေရယ်၊ ဘလော့ရေးတဲ့ ဇော်မိုးအောင်၊ ညီလင်းဆက်တို့ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဒါဟာတစ်ဖက်က ကြည့်ရင်၊ ရိုးရိုးသားသား ထုတ်ဖော်ပြောတယ်လို့ တွေးလို့ ရပေမယ့် ကျနော်ကတော့ ကိုယ့်ပေါင်ကိုလှန်ထောင်းတယ်လို့ပဲ မြင်ပါတယ်။ ကိုယ်စိတ်ကြိုက်အားနဲ့ ထောင်းလို့ ရတာပေါ့ ဗျာ။ သူများထောင်းတာ ခံရရင် ပိုနာမှာပေါ့။

ဝန်ထမ်းတွေကို အစိုးရအောက်ကလူတွေမို့ ဘလော့ဂ် သင်မပေး ဘူးဆိုတာမျိုး မဖြစ်သင့်တဲ့အကြောင်း လျှောက်လွှဲချက် ပေးထားတာပါ။ ဒါကိုတော့ လက်ခံပါတယ်။ ဝန်းထမ်းတိုင်းဟာ နအဖဘက်ကလူ မဟုတ်ဘဲ၊ အမှန်တွေ ရေးလာနိုင်တယ်။ မကျေနပ်ချက်တွေကို နာမည်အရင်းနဲ့ မဟုတ်တောင၊် တခြားဘလော့နာမည်တစ်ခုနဲ့ ရေးးလာနိုင်တယ်ဆိုတဲ့အထိ ကျနော်လက်ခံပါတယ်။

ဒါပေမဲ့ ... နအဖဖြစ်ချင်နေတဲ့ ဆန္ဒတစ်ခုကို အကောင်အထည်ဖော်တဲ့ နေရာမှာ ကိုယ့် ပယောဂတော့ ဘယ်နည်းနဲ့မှ မပါစေချင်ဘူး။ အဲလိုမပါအောင် နေနိုင်တာလဲ တော်လှန်ရေး တစ်မျိုးပါပဲ။

အဲဒီမှာ သင်တန်းသွားပေးတဲ့လူတွေ မသွားနိုင်လို့ နအဖရဲ့ ဘလော့သင်တန်းကြီး လုံးဝပျက်သွားမှာ မဟုတ်ပါဘူး။ နောက်ဆုံး ပြည်တွင်းမှာရှိတဲ့ ဘလော့ရေးတဲ့ လူအကုန်က သင်တန်းပေးဖို့ ငြင်းဆန်လိုက်ရင် ပြည်ပကပညာရှင်တွေကို နအဖက ငွေပေးခေါ်ပြီးသင်မှာပဲ။

နောက်ဆုံး အဲဒီအတွက် ပိုက်ဆံမသုံးနိုင်ဘူးဆိုရင်တောင၊် စွေစောင်းကို ခေါ်သင်ခိုင်းလို့ ရပါတယ်။ ခင်ဗျားအကြောင်းပြချက်က သိပ်တော့ မခိုင်လုံသေးဘူး၊ ကိုယ့် ဆရာရဲ့။ သာကီနွယ် လို့ ဘလော့တွေ ထပ်ပေါ်လာရင်၊ ခင်ဗျားကြောင့် မဟုတ်ပေမယ့်၊ ခင်ဗျားတို့ဟာ ပင်နယံတစ်ခုဖြစ်တယ်ဆိုတာတော့ ဘယ်လိုမှ ငြင်းချက်ထုတ်ဖို့ မကြိုးစားပါနဲ့ ။

အဲလို ဘလော့တွေပေါ်လာလို့လဲ လူတွေက အမှန်နဲ့အမှား မခွဲနိုင်လောက်အောင် မညံ့ပါဘူး။ ဒါပေမယ့် မျက်စိတော့ နောက်တာပေါ့ ... ကိုယ့်ဆရာရယ်။

“မြန်မာနိုင်ငံမှာ မီဒီယာ အရမ်းအားနည်းတယ်လို့ စင်္ကာပူနိုင်ငံသားသူငယ်ချင်းက ပြောဖူးတယ်။ အိန္ဒိယနိုင်ငံက အိုင်တီ မန်နေဂျာတစ်ယောက်ဟာ မြန်မာပြည်ကို ယိုးဒယားရဲ့ အစိတ်အပိုင်းလို့ ... ထင်နေတုန်းပဲ။ ပြောချင်တာက ဘလော့ဂ်တွေ အများကြီး ဖြစ်စေချင်တယ်။”

ကျနော်တို့နိုင်ငံမှာ မီဒီယာအရမ်းအားနည်းတဲ့ကိစ္စကို ဘလော့တွေများလာခြင်းဆိုတဲ့ ဆေးတစ်မျိုးတည်းနဲ့ ကုစားလို့ မရပါဘူး။ လူဦးရေ သန်း ၆၀ လောက်ရှိတဲ့ တိုင်းပြည်မှာ ဘလော့ဝင်ကြည့်တဲ့လူ တစ်နေ့ ခြောက်ထောင်ရှိသလား ... စဉ်းစားဖို့ကောင်းပါတယ်။

နောက် ... တစ်ကမ္ဘာလုံးမှာရှိတဲ့ လူ သန်း ခြောက်ထောင်ထဲမှာ၊ ကမ္ဘာပေါ်မှာ အကောင်းဆုံးပါဆိုတဲ့ ဘလော့ကို တစ်ရက် ခြောက် သိန်းလောက် ဝင်ကြည့်နေတာမျိုး ရှိပါသလား။ ကျနော်တော့ ရှိလိမ့်မယ် မထင်ဘူး ။ သူ့ ကောက်ချက်အတိုင်းသာ ဘလော့တွေ ကြောင့် သတင်းတွေပျံ့နိုင်မယ်ဆိုရင် - BBC , NHK, CNN က ဝန်ထမ်းတွေ အလုပ်ပြုတ်တာ ကြာရော့မယ်။

နောက်တစ်ချက် ... မြန်မာပြည်ကို အိန္ဒိယက အိုင်တီမန်နေဂျာက ယိုးဒယားရဲ့ အစိတ်အပိုင်းတစ်ခုလို့ထင်တယ် ဆိုတာလဲ သိပ် အံသြစရာ မကောင်းပါဘူး။ ကျနော်လက်ရှိ ရောက်နေတဲ့ နိုင်ငံဆို မီဒီယာအင်အားလည်း ကောင်းတယ်၊ မီဒီယာလွတ်လပ်ခွင့်လည်း ရှိပါတယ်။ နောက် ... ငွေကြေးချမ်းသာပြီး၊ တိုးတက်တဲ့နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော် ဒီနိုင်ငံကိုလာရမယ်ဆိုမှ ဒီနိုင်ငံရဲ့အကြောင်း သိတာပါ။ အဲဒီ ကုလားမန်နေဂျာတစ်ယောက် မသိတာနဲ့ တော့ ဘလော့တွေ များလာဖို့ ကောင်းတယ်ဆိုတဲ့ ကောက်ချက်က နည်းနည်းရယ်ချင်စရာ ကောင်းလွန်းပါတယ်။

တကယ်လို့ ကျနော်တို့ ဘလော့တွေအများကြီးရေးရင်ရော၊ အဲဒီကုလားက မြန်မာပြည်ဟာ စစ်ဖိနပ်အောက်က အင်မတန် သနားစရာကောင်းတဲ့နိုင်ငံဆိုတာ သိလာပါ့မလား။

မည်သို့ပင်ဖြစ်စေ အဲလိုလူတွေ သိစေချင်ရင် Wikipedia နဲ့  Encarta နှစ်ခု ကို ညွှန်းလိုက်ဖို့ အကြံပေးပါတယ်။ နောက်တစ်ခုက မီဒီယာတွေ ဘယ်လောက်များများ လွတ်လပ်စွာရေးသားခွင့်မရှိသေးသမျှ အမှန်တရားဆိုတာတွေကို ဖော်ပြလို့ ရမှာမဟုတ်ပါဘူး။

ညီလင်းဆက်ရဲ့ ပိုစ်က ဖတ်ရင်းဖတ်ရင်း ဘာဆိုလိုချင်မှန်း မသိပေမယ့် မြန်မာပြည်ထဲမှာ ဘလော့ပြန်ပွင့်ပေးမလားလို့ သူကြိုးစားခဲ့တယ်လို့ ဆိုချင်ဟန်တူပါတယ်။ ဘလော့ပြန်မဖွင့်လို့  ကျနော်တို့ဘာမှ မဖြစ်ပါဘူး။ ကျော်လို့၊့ ခွလို့ ရမယ့်နည်းတွေလည်း ဒုနဲ့ ဒေးပါ။ ဘလော့ရေးတဲ့လူတွေ သတင်းတို့၊့ဆောင်းပါးတို့ ရေးချင်ရင်လည်း အပြင်က ကိုယ်နဲ့နီးစပ်တဲ့ ဘလော့ဂါတွေဆီပို့၊ အဲဒီလူတွေက ပိုစ့်တွေတင်ပေးမယ်လို့၊ ကျနော်တော့ ယုံကြည်တယ်။

ဘလော့ရေးပြီး နာမည်တည်ဆောက်ချင်တဲ့ လူတွေအတွက်တော့ သိပ်အဆင်မပြေဘူးပေါ့။ ငါစာ၊ ငါ့ဘလော့မှာပဲ တင်မယ်ဆိုတဲ့ ဆရာမတွေ၊ ဆရာတွေ အတွက်တော့ မပြောလိုပါဘူး။ နအဖက ဘလော့တွေကို ပိတ်လိုက်ရုံနဲ့ ဗမာပြည်ထဲက သတင်းတွေ၊ ဆောင်းပါးတွေ နိုင်ငံတကာကို မတင်ပြနိုင်တော့ဘူးဆိုတဲ့ အတွေးမျိုးကတော့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က တွေးဖို့ကောင်းတဲ့ အတွေးအခေါ်ပါ။

နောက် ... ဘလော့တွေ ရေးသားခွင့် ရပေမယ့်၊ ပြည်ပကဘလော့တွေကို ကြည့်ခွင့်မပေးဘူး ဆိုရင်လည်း ဘာမှမထူးပါဘူး။ ”အဲဒီနာမည်နဲ့ ဘလော့ဖွင့်ရင် ... ဆွဲစေ့မယ်လို့” ပြောထားရင် စာရေးတဲ့ ညီလင်းဆက်ကိုယ်တိုင်တောင် မဖွင့်ရဲပါဘူးလို့ ဝန်ခံထားပြီးဖြစ်တာကို ထောက်ရင်၊ သူတို့ဖက်ကလူတွေ တန်ပြန်ဝါဒဖြန့်ဖို့အတွက်၊ ရေးဖို့သက်သက် ဖွင့်ပေးတာမျိုးကတော့ ဘာမှ ထူးခြားလာမယ် မဟုတ်ပါဘူး။
ဘလော့ရေးတဲ့ရည်ရွယ်ချက်တို့၊ ဘာတို့ စတဲ့လက်ချာတွေကို သင်ယူထားတဲ၊့ ပြည်တွင်းနအဖဘလော့ဂါ အင်အားစုကလည်း တဖြေးဖြေး၊ တိုးတိုး လာတော့မယ် ထင်ပါတယ်။ အမှန်တော့ ဘလော့ရေးတယ်ဆိုတာ ကိုယ်စိတ်အဆာပြေအောင် ကိုယ်လုပ်ချင်တာ ကိုယ်လုပ်တယ်လို့ပဲ ထင်ပါတယ်။

နိုင်ငံရေးနဲ့ ပတ်သက်တာတွေရေးမှ၊ ဘာမှ၊ မဟုတ်ပါဘူး။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့်ရှိပါတယ်။ ကျနော့်ကိုယ်ပိုင်ဘလော့မှာဆို နိုင်ငံရေး တစ်လုံးတစ်လေမှ ရေးထားတာ မဟုတ်ပါဘူး။ ကျနော် ဒီဆောင်းပါးကို ရေးတဲ့ရည်ရွယ်ချက်က တစ်ခုထဲပါ။ ပြည်တွင်းမှာရှိတဲ့ ဘလော့ဂါတွေ၊ ဘလော့ဆရာ ညီလင်းဆက်၊ ဇော်မိုးအောင်တို့ကို အားကျပြီး၊ ဝန်ထမ်းတွေတို့၊့ ကြံ့ဖွတ်တွေတို့ကို ဘလော့ရေးနည်း သင်တန်းပို့ချပေးမှာ စိုးရိမ်လို့ ဖြစ်ပါတယ်ခင်ဗျာ။

လူတိုင်း တော်လှန်ရေးလုပ်ဖို့၊ နအဖကို ဆန့်ကျင်ဖို့ မတောင်းဆိုပါဘူး။ နအဖရဲ့လမ်းစဉ်ကို သဘောကျလို့ ကူညီပေးနေတဲ့လူတွေဆိုရင်တော့ ကြိုက်တာလုပ်ပါ။ နောက်မှ ပြည်သူနဲ့ စာရင်းရှင်းတာပေါ့ဗျာ။

နအဖကိုလည်း မကြိုက်ပေမယ့်၊ တော်လှန်ရေးမှာ ပါဖို့ အခြေအနေမပေးတဲ့ လူတွေကိုလဲ အပြစ်မတင်ပါဘူး။ ဒါပေမယ့် နအဖကို ထောက်ခံလား၊ မထောက်ခံလား ကိုယ့်ဟာကို အရင်ဆုံး တွေးစေချင်ပါတယ်။ တကယ်လို့ ခင်ဗျားတို့အဖြေက မကြိုက်ဘူး ဆိုဖြစ်ခဲ့ရင်၊ နအဖနဲ့ အတတ်နိုင်ဆုံး ကင်းအောင်နေတာဟာလဲ တော်လှန်ရေးကို ကူညီရာရောက်တယ် ဆိုတာကို သိစေချင်ပါတယ်။

(ညီလင်းဆက် ရဲ့ မူရင်းပိုစ့် ကို http://nyilynnseck.blogspot.com/2007/11/blog-post_08.html ဖတ်လို့ ရပါတယ်)

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.