တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Sunday, August 3, 2008

ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်နေသည့် ရှမ်းဝါရင့်နိုင်ငံရေးသမားကြီး ဦးရွှေအုံးနှင့်ခေတ်ပြိုင် မေးမြန်းခန်း

တိုင်းရင်းသားအသံ
ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်နေသည့် ရှမ်းဝါရင့်နိုင်ငံရေးသမားကြီး ဦးရွှေအုံးနှင့်ခေတ်ပြိုင် မေးမြန်းခန်း
(ခေတ်ပြိုင်မှ ကူးယူဖော်ပြသည်)

ဝါရင့်နိုင်ငံရေးသမားကြီး ဦးရွှေအုံး
ဝါရင့်နိုင်ငံရေးသမားကြီး ဦးရွှေအုံး ဦးရွှေအုံးးသည် ရှမ်းအမျိုးသား ၀ါရင့်နိုင်ငံရေးသမားကြီးတဦး ဖြစ်သည်။ ယနေ့တိုင် အနာဂတ် မြန်မာနိုင်ငံကို ရှစ်ပြည်ထောင် မူနှင့် ဖွဲ့စည်းရေးအယူအဆကို ကိုင်စွဲထားသူဖြစ်သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့် အခြားရှမ်းခေါင်းဆောင်များကို စစ်အစိုးရက ဖမ်းဆီးထောင်ချထားခြင်းသည် ရှစ်ပြည်ထောင်မူကိစ္စ စစ်အစိုးရက မကြိုက်သည့်အတွက် ဖမ်းဆီးခြင်းဖြစ်သည်ဟု ဦးရွှေအုံးက ယူဆသည်။ ဦးရွှေအုံးသည် မကြာခဏ ကိုယ်ပိုင် နိုင်ငံရေးအယူအဆများ ထုတ်လေ့ရှိသည့်အတွက် ရန်ကုန် နိုင်ငံရေးလောကမှာ သဘောထားမတိုက်ဆိုင်မှုများ ကြုံရသူ လည်း ဖြစ်သည်။ အခြေခံဥပဒေတွင် ကြွင်းကျန်အာဏာကိုပြည်နယ်များတွင်ထားရှိရေး၊ တိုင်းရင်းသားများ ခွဲထွက်ရေးမူ စွန့်လွှတ်ရေး အကြံပေးရှစ်မျက်နှာစာတမ်းကို ထုတ်ခဲ့ဘူးသည်။

မေး- ဦးရွှေအုံးက ပါတီထောင်မယ်လို့ပြောတယ်။၊ ရွေးကောက်ပွဲဝင်ဖို့အစီအစဉ် ရှိတယ်လို့ ပြောတယ်။ အစီအစဉ် ပြောပါဦးခင်ဗျ။

ဖြေ- ကျနော်ရေးတဲ့စာအုပ် တွေ့မိလား။ ကျနော်ရေးတဲ့စာအုပ်ကတော့ ကြာပါပြီ။ ကျနော် ခင်ဗျားတို့ဆီလည်း ပို့တာပဲ။ ကျနော် မပြိုကွဲနိုင်သော ပြည်ထောင်စုတခုကို တည်ဆောက်ကြ ပါစို့စာအုပ်။ အဲဒီစာအုပ်မှာ ကျနော်ပြောထားတာက မပြိုကွဲနိုင်သော ပြည်ထောင်စုတခုကို တည်ဆောက်ဖို့ဆိုရင် ပြည်ထောင်စုဒီမိုကရေစီအဖွဲ့ချုပ်တခုကို ဖွဲ့ရမယ်လို့ ကျနော် အဲဒါပြောထားတာ။

ကျနော် ခပ်ရှင်းရှင်းပဲ ပြောမယ်လေ။ ပါတီထောင်ချင်တာက ကျနော်တို့က ပြည်ထောင်စုကို ယုံကြည်တယ်နော်။ ပြည်ထောင်စုဆိုတာလည်း စစ်မှန်သော ပြည်ထောင်စုပေါ့။ ရှစ်ပြည်နယ် ပြည်ထောင်စုပဲ ကျနော်ယုံကြည်တယ်။ အဲတော့ ရှစ်ပြည်နယ်ပြည်ထောင်စုဖြစ်ရမယ်၊ ဒီမိုကရေစီဖြစ်ရမယ်။ အဲဒီရှစ်ပြည်နယ်ပြည်ထောင်စုဖြစ်တဲ့ ပြည်ထောင်စုဒီမိုကရေစီ အဖွဲ့ချုပ်ကို တည်ထောင်ဖို့ဆိုရင် ကျနော်တို့ တိုင်းရင်းသားလူနည်းစုတွေက ဗမာလူများစုတွေကို Confrontation ပုံစံနဲ့ သွားလို့မရဘူး။ ကျနော်တို့ လူမျိုးကြီး ရှစ်မျိုးပေါ့။ လူမျိုးကြီးရှစ်မျိုးကို အခြေခံပြီးတော့ ကျနော်တို့က အကုန်လုံးပေါ့လေ Cooperation ပေါ့လေ။ ပူးပေါင်းပြီးတော့ လုပ်မှရမယ်။ ဒါ ကျနော့်ရဲ့မူ။ အဲတော့ ကျနော်တည်ထောင်မယ့် ပြည်ထောင်စုဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတာမှာ ဗမာလည်း ပါရမှာပဲ။ ဗမာမပါဘဲနဲ့ ပြည်ထောင်စုမဖြစ်ဘူး။ အဲတော့ ဗမာအများစုနဲ့ ကျန်တဲ့လူမျိုးတွေ ပူးပေါင်းပြီးတော့ ပါတီတခုဖွဲ့မယ်ဆိုပြီး ဒါက ကျနော့်ရဲ့ အဓိကရည်ရွယ်ချက်ပါ။

မေး- အဲဒီပါတီဖွဲ့ဖို့အတွက်ကို ဦးရွှေအုံးကို ထောက်ခံတဲ့ပုဂ္ဂိုလ်၊ ပါတီဝင်တဲ့ပုဂ္ဂိုလ် ဘယ်လောက် လောက်ရှိလဲခင်ဗျ။

ဖြေ- ထောက်ခံမယ့်လူတွေရှိပါတယ်။ ကျနော်တို့ အကုန်လုံးစည်းရုံးထားပြီးသားလေ။

မေး- အဲတော့ ပါတီကို ဘယ်တော့လောက်ထောင်ဖြစ်မလဲခင်ဗျ။

ဖြေ- အဲဒါတော့ ကျနော်တို့ဟိုဟာလေ ပါတီထောင်ခွင့်ပြုတဲ့အမိန့်ဥပဒေ အဲဒါစောင့်နေတာပဲ။

မေး- ဦးရွှေအုံးက ဒီပါတီထောင်တဲ့ရည်ရွယ်ချက်မှာ ရှစ်ပြည်ထောင်မူကို ဦးရွှေအုံးက လက်ခံထားတယ်လို့ပြောတယ်။ ရှစ်ပြည်ထောင်မူကို အခုထိ ယုံကြည်ထားတယ်ပေါ့။

ဖြေ- ဒါပေါ့။

မေး- ဒါပေမယ့်လို့ အဲဒီရှစ်ပြည်ထောင်မူကြောင့်ပဲ ခွန်ထွန်းဦးတို့အဖွဲ အခု ထောင်နှစ်ပေါင်းများစွာ ကျသွားတယ်။ ဗိုလ်ချုပ်ဆေထင်တို့အဖွဲ့လည်း အခု ထောင်နှစ်ပေါင်းများစွာ ကျသွားတယ်။ အဲဒါ ရှစ်ပြည်ထောင်မူကြောင့်ပဲဆိုတာကို ဦးရွှေအုံး သိရက်သားနဲ့ ရှစ်ပြည်ထောင်မူကို အခြေခံပြီး ဒီပါတီကိုဖွဲ့မယ်ဆိုရင် ဦးရွှေအုံးကို စစ်အစိုးရက ရန်သူလို့ သဘောမထားနိုင်ဘူးလားခင်ဗျ။

ဖြေ- ကျနော့်ကိုလည်း ခြေချုပ် တနှစ်ချထားတာပဲလေ။ နံပါတ် (၁) ကျနော်က ယုံကြည်တယ်၊ ယုံကြည်တယ်ဆိုတာက နံပါတ် (၁) နော်။ အဲ ဖြစ်နိုင်တာ မဖြစ်နိုင်တာကတော့ နံပါတ် (၂) ပေါ့။ အဲဒီတော့ သူတို့ပါတီထောင်ခွင့်ပြုတဲ့ ဥပဒေထုတ်လာရင် ဘယ်လိုဥပဒေမျိုးလာမယ်၊ ဘယ်လိုဆီ ကနေ လာမယ်ဆိုတာလည်း မသိဘူးလေ။ ကျနော်ကတော့ ကျနော်တို့လိုချင်တဲ့ ရည်မှန်းချက်ကို ထားရမယ်။

မေး- လက်ရှိအခြေအနေကို ကြည့်တဲ့အခါ နေပြည်တော်မှာ အခု မကြာခင် ၂၀၁၀ ရွေးကောက် ပွဲက ထွက်ပေါ်လာမယ့် အရပ်သားအစိုးရကို ခေါင်းဆောင်မယ့် သမ္မတနဲ့ ဒု-သမ္မတ အိမ်တွေ ဘာတွေတောင် ဆောက်ပြီးပြီဆိုတာ ကျနော်တို့ စုံစမ်းသိရပါတယ်။ အဲတော့ သမ္မတနဲ့ ဒု-သမ္မတ အိမ်ဟာ လက်ရှိစစ်အစိုးရနဲ့ မပတ်သက်တဲ့ပုဂ္ဂိုလ်တွေဆိုရင် အဲလောက်ထိ သဘောကောင်းပါ့ မလားဆိုတာ စဉ်းစားကြည့်ဖို့ကောင်းတဲ့အတွက် အခု ရွေးကောက်ပွဲကို ၀င်တဲ့အခါမှာ ဦးရွှေအုံး တို့အနေနဲ့ အနိုင်ရနိုင်မလား။ စစ်အစိုးရက သူနိုင်မယ်ဆိုတာ ကြိုတွက်ပြီးတော့ ဘယ်သူ့ကို သမ္မတတင်ရမယ်ဆိုတာတောင် ကြိုသိနေတဲ့သဘောလို့ ယူဆသလား၊ ဘယ်လိုယူဆသလဲခင်ဗျ။

ဖြေ- ကျနော်တော့ အဲဒါတွေကို သိပ်ပြီးတော့ စိတ်မ၀င်စားဘူးလေ။ အခုအတည်ပြုထားပြီးတဲ့ အခြေခံဥပဒေကို ကျနော်က အစကတည်းက ထောက်ခံတာမှမဟုတ်ဘဲ။ အစအဆုံး။ နောက်ဆုံး အချိန်ထိ ကျနော်ကန့်ကွက်နေတာပဲ။ ကန့်ကွက်လို့မရလို့ အတည်ဖြစ်သွားပြီဆိုတော့ ကျနော်တို့ ဟိုဟာပေါ့၊ ထောက်တော့မထောက်ခံဘူး၊ ဒါပေမယ့် မလွှဲမရှောင်သာတဲ့အနေနဲ့ လက်ခံတယ် အဲဒါပဲ။ လက်ခံတော့ အဲဒါကြီးကို ကျနော်တို့က သိပ်ပြီးတော့ မစဉ်းစားနေတော့ဘူးလေ။ ကျန်တာ ကြိုက်တာမကြိုက်တာ ဒါအပထား။ တကယ်ဖြစ်တာက ဖြစ်လာပြီးပြီ။ ဖြစ်လာပြီးသား ကိစ္စပဲလေ။ အဲဒါကို ကျနော်တို့က လက်ခံပြီးတော့ လုပ်မှာပဲ။ အဲတော့ သူတို့လုပ်တာ ကျနော်တို့က ကြိုက်တာ လည်းရှိတယ်၊ မကြိုက်တာလည်းရှိတယ်။ နောက်ပြီးတော့ အခုကျနော်လုပ်မယ်ဆိုတာလည်း
သူတို့ လက်ခံတာ မခံတာက ဒါသူတို့ အပိုင်းလေ။ ကျနော်ကတော့ ကျနော့်ရည်မှန်းချက် ကျနော့် ဘာသာတရားအရ ကျနော်ကတော့ နိဗ္ဗာန်သွားချင်တာပဲ။ ကျနော်တို့ အခုရောက်နေတာက ငရဲပြည်ရောက်နေတာပဲ။ အဲတော့ နိဗ္ဗာန်ကိုသွားဖို့ ကျနော်တို့ စွန့်လွှတ်လို့မရဘူးလေ။ အဲတော့ ဘယ်နည်းနဲ့သွားလို့ရမလဲ၊ အဲဒါ ကျနော်တို့ ဒုက္ခခံပြီးတော့ ရှာတော့ရှာရမှာပဲ။ ဒါရမှဖြစ်မယ်ဆိုတာ မျိုးတော့ လုပ်လို့မရဘူးလေ။ အဲဒီဖွင့်ထားတဲ့အပေါက်လေးတွေ ကျနော်တို့ ဘယ်လောက်ထိ တိုးဝင်လို့ရမလဲ အဲဒါပဲ ကြည့်ရမှာပဲလေ။

မေး- အခုလောလောဆယ်မှာ ရှစ်ပြည်ထောင်မူကိုထောက်ခံတဲ့ ပါတီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ် ထင်ရှားတဲ့အထဲက ဘယ်သူတွေရှိလဲခင်ဗျ။

ဖြေ- အဲဒီရှစ်ပြည်ထောင် ပြောရမယ်ဆိုရင် ကျနော်တို့ ၀ါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့တွေက ကျနော် ဟိုတုန်းကတည်းက တရားဝင်ထုတ်ပြန်ပြီးသားပဲ ရှစ်ပြည်ထောင်လက်ခံမယ် ဆိုတာက။

မေး- အဲတော့ ၀ါရင့်နိုင်ငံရေးသမားအဖွဲ့က လက်ခံသလားခင်ဗျ။

ဖြေ- အဖွဲ့အနေနဲ့မဟုတ်ဘူးလေ၊ ဟိုတုန်းကအဖွဲ့အနေနဲ့ပဲ။ အခုတော့ သူတို့ထဲဝါရင့်ထဲက ထောက်ခံတဲ့သူ သုံးလေးယောက်လောက်ပါပါတယ်။ အဲတော့ သုံးလေးယောက်နဲ့ စလုပ်သွားမယ်။ လောလောဆယ် ကျနော်တို့ အခြေခံဥပဒေ ရေးဆွဲနေတယ်။ အခြေခံဥပဒေက ကျနော်တို့ အဖွဲ့ ချုပ်ရဲ့ By-law ပေါ့ ဆွဲနေမယ်။ နောက်ပြီးတော့ သူတို့ဥပဒေထုတ်ထားတာရှိမယ်။ အဲဒီဥပဒေအရ ကျနော်တို့ By-law နဲ့ အန်ဝင်ခွင့်ကျ ဖြစ်မယ်ဆိုရင်လည်း ဆက်လုပ်မယ်။ မဖြစ်ဘူးဆိုရင်တော့ ကျနော်တို့ By-law ကို နည်းနည်းပါးပါးပြန်ပြင်ချင်လည်းပြင်မယ်။ ပြင်ပြီးတော့မှ အချိန်ကျပြီ ဆိုတဲ့အခါကျတော့မှ ကျနော်တို့ ဖွဲ့ခွင့်ရသွားပြီဆိုလို့ရှိရင် ၀င်လာမယ့်လူတွေ အများကြီးပါ။

မေး- ဒါဆိုလို့ရှိရင် တခြားရှမ်းအဖွဲ့အစည်းတွေကရော၊ ဥပမာအားဖြင့် အက်စ်အက်စ်အေ မြောက်ပိုင်းအဖွဲ့အနေနဲ့ဆိုလို့ရှိရင် ဒါခေါင်းဆောင်ပိုင်းလည်း မရှိတော့ဘူး။ ဗိုလ်ချုပ်ဆေထင် လည်း ထောင်ကျနေတယ်။ အဲဒါဆိုတော့ အက်စ်အက်စ်အေမြောက်ပိုင်းအဖွဲ့ရဲ့ သဘောထား ကရော ဦးရွှေအုံးတို့နဲ့ ဘယ်လိုနေလဲခင်ဗျ။

ဖြေ- တခြားအဖွဲ့တွေတော့ ကျနော်မသိဘူးလေ။ အခုလောလောဆယ် ကျနော်သိတာကတော့ ဦးသုဝေနော်။ ဦးသုဝေကတော့ ဒီမိုကရေစီပါတီကို ပြန်ထောင်ချင်တယ် ဘာလိုလို အဲဒါပြောနေ တယ်။ ကျနော်နဲ့သူနဲ့ကတော့ ညှိတော့ညှိနေတာပဲလေ။ အဲတော့ မပြတ်သေးဘူးလေ။

မေး- ဆိုတော့ အခုလောလောဆယ်မှာ ပြည်ထောင်စုဒီမိုကရေစီအဖွဲချုပ်ကို ထောက်ခံတဲ့ပုဂ္ဂိုလ်
က (၁၀) ယောက်တောင်မပြည့်သေးဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့၊ အဲလိုလားခင်ဗျ။

ဖြေ- ကျနော်တို့ကို ထောက်ခံမယ့်လူတွေက ကျနော်ထင်တယ် အများကြီးရှိတယ်။ ဟိုဟာပေါ့နော် လက်ရှိ အန်အယ်လ်ဒီထဲမှာကိုက အန်အယ်လ်ဒီကထွက်သွားတဲ့လူတွေလည်း ရှိတယ်။ ထုတ်ထား တာလည်းရှိတယ်။ ဒီလူတွေက အများကြီးထောက်ခံတယ်။ အဲဒီအထဲမှာရှိတယ်ဆိုတာလည်း လူငယ်ပိုင်း၊ လူလတ်ပိုင်း အဲဒါ ရှိတယ်။ ကျနော်ထင်တယ် တ၀က်နီးပါးလောက်က ကျနော်တို့ကို ထောက်ခံတယ်။ နောက်ဆုံး ပြောရမယ်ဆိုလို့ရှိရင်တော့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ ရှစ်ပြည်နယ်ကို ထောက်ခံတယ်။

မေး- ဦးရွှေအုံးတို့က အခု ရှစ်ပြည်ထောင်မူကို သွားချင်တယ်၊ ဒီ နအဖစစ်အစိုးရက ချမှတ်ထားတဲ့ အခြေခံဥပဒေမှာက ဒီရှစ်ပြည်ထောင်စနစ်ကို သွားတာမဟုတ်ဘူးဆိုတဲ့အခါကျတော့ အဲဒီ နှစ်ခု ဟာ ရွေးကောက်ပွဲမှာ ထိပ်တိုက်မဖြစ်နိုင်ဘူးလား၊ စစ်အစိုးရက ခွင့်ပြုပါ့မလား၊ ဦးရွှေအုံးရဲ့ပါတီ ရည်မှန်းချက်အောင်မြင်မယ်လို့ ဘယ်လိုလုပ်ယူဆလဲခင်ဗျ။

ဖြေ- ကျနော်ကတော့ သူတို့ဥပဒေကို စောင့်ကြည့်မယ်လေ။ ဥပဒေက ဘယ်လိုထွက်လာမယ်မှန်း မသိဘူးလေ။ အဲဒီ ထွက်လာတဲ့ဥပဒေအပေါ် မူတည်ပြီး ကျနော်တို့ ဘယ်လောက်အထိ ၀င်လို့ရ မလဲ၊ အဲလိုဝင်လို့ရသလောက်ပဲ ကျနော်စဉ်းစားမှာပဲ။

မေး- ပါတီထောင်တဲ့အခါမှာ ရည်ရွယ်ချက်က ရှစ်ပြည်ထောင်မူကို လက်ကိုင်ထားတဲ့အတွက် အဲဒီရှစ်ပြည်ထောင်မူဟာ လက်ရှိစစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံမူတွေနဲ့ ဆန့်ကျင်နေတဲ့အတွက် ဦးရွှေအုံးရဲ့ပါတီဟာ အန္တရာယ်မများနိုင်ဘူးလားခင်ဗျ။

ဖြေ- စစ်မှန်သောပြည်ထောင်စုပဲ အဲဒီစကားလုံးပဲ ကျနော်သုံးတယ်။ စစ်မှန်သောဆိုတာနဲ့ ရှစ်ပြည်ထောင်နဲ့က နည်းနည်းတော့ကွာတာပေါ့။ ကျနော်က ဘယ်လိုနည်းနဲ့ဝင်လို့ရမလဲ ၀င်ရမယ့်အပေါက်ကိုတော့ ကျနော်က စဉ်းစားနေတာပဲ။ မဖြစ်နိုင်တာတော့ မလုပ်ဘူးဗျာ။ ဘယ်လိုနည်းနဲ့ဖြစ်နိုင်အောင်လုပ်မလဲ အဲဒါကို ကျနော် Adaptation တော့ လုပ်ရမှာပေါ့။

မေး- တခြားနိုင်ငံရေးအခြေအနေတွေကရောဘယ်လိုရှိပါလဲ၊ ရွေးကောက်ပွဲဝင်ဖို့ စိတ်ဆန္ဒ
ရှိကြတဲ့ နိုင်ငံရေးအသိုင်းဝန်းရဲ့အနေအထား ဘယ်လိုရှိလဲခင်ဗျ။

ဖြေ- နိုင်ငံရေးပါတီတွေက ဒီနေ့ထိ ဘယ်သူမှ မပြတ်သားပါဘူး။ ကျနော်တို့ တိုင်းရင်းသား ပါတီတွေအားလုံးလိုလိုကတော့ ကျနော်တို့ဘက်ကရှိတယ်။ နောက်ပြီးတော့ ၀ါရင့်က ကျနော်ထင်တယ် တကယ်လုပ်ဖြစ်ရင် တ၀က်ကျော်ကျော်လောက်ရမယ်။ ဒါ ကျနော် တယောက်ချင်းစီကို စည်းရုံးပြီးသား။ နောက်ပြီးတော့ အန်အယ်လ်ဒီက ထွက်ထားတဲ့လူ၊ ထုတ်ထားတဲ့လူတွေရှိတယ်။ အဲဒီလူတွေ ရတယ်။ နောက် တသီးပုဂ္ဂလတွေ ကျန်တာ အများကြီးပေါ့။

မေး- နောက်တခုကျနော်တို့ကြားတာက အခုဒီလောလောဆယ်မှာ စစ်အစိုးရထောက်လှမ်းရေး ကနေပြီးတော့ အမတ်တွေကို လိုက်ပြီး တီးခေါက်နေတယ်။ ခင်ဗျားတို့ ရွေးကောက်ပွဲဝင်မှာလား ဆိုပြီးတော့ နယ်တွေဘက်မှာ ဥပမာအားဖြင့် ပဲခူးက ဦးမြတ်လှတို့ပါတယ်။ အဲဒါမျိုးတွေ ဖြစ်နေ တယ်။ ဦးရွှေအုံးကြားမိသေးလား၊ ဘယ်လိုရည်ရွယ်ချက်လို့ ယူဆလဲခင်ဗျား။

ဖြေ- အဲဒါတော့ ကျနော်မသိဘူးဗျ။ မကြားမိဘူး။

မေး- အခု စစ်အစိုးရက ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ စစ်အစိုးရရဲ့ ဖွဲစည်းပုံအခြေခံဥပဒေမှာ စစ်တပ်ကဏ္ဍကို ကြီးကြီးမားမားချုပ်ကိုင်ထားတဲ့အတွက် ဦးရွှေအုံးတို့ဝင်လည်းပဲ လွှတ်တော်မှာ ဘယ်လောက်ထိ ပြောရေးဆိုခွင့်ရလိမ့်မယ်လို့ မျှော်မှန်းထားလဲခင်ဗျ။

ဖြေ- သိပ်တော့ မျှော်မှန်းချက် အရှည်ကြီးတော့ မထားဘူးလေ။ လောလောဆယ်တော့ ကျနော်တို့ ရပ်တည်ခွင့်ရနိုင်တဲ့အထိတော့ ပထမဆုံးခြေလှမ်းအဖြစ် အဲဒါတော့ ကျနော်လုပ်ကြည့်မယ်။ ရပ်တည်ခွင့်ရပြီးရင်တော့ တဖြည်းဖြည်း လုပ်ငန်းကို အခြေအနေအရ ကြည့်လုပ်ရမှာပေါ့။

မေး- ခွန်ထွန်းဦးအဖွဲ့က ဦးရွှေအုံးတို့ထဲ ပါတယ်ဆိုတာက ခွန်ထွန်းဦးတို့ရဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးရွှေအုံးပါတီထဲကို ပူးပေါင်းလိုက်ပြီဆိုတဲ့သဘောလား။

ဖြေ- ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ ဦးခွန်ထွန်းဦးတို့အဖွဲ့ကပေါ့။ အဲဒီထဲမှာ အဖမ်းမခံရဘဲနဲ့ ကျန်နေတဲ့လူတချို့ရှိတယ်လေ။ အဲဒီလူတွေနဲ့တော့ ကျနော်တို့ ဆွေးနွေးနေတာပဲ။

မေး- ဆွေးနွေးနေတော့ သူတို့ သဘောတူပြီလား။

ဖြေ- သဘောတူပါတယ်။

မေး- ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကိုဖျက်ပြီးတော့ ဦးရွှေအုံးတို့နဲ့ မဟာမိတ်လုပ်မယ် ဆိုတဲ့သဘောလား။

ဖြေ- အတိအကျတော့ ဒါ ဘာမှပြောလို့မရဘူး။ အတိအကျဆိုတာ သူတို့ ဥပဒေဘယ်တော့ ထွက်လာမလဲ၊ အဲဒီဥပဒေကို ကျနော်တို့ ဘယ်လောက်ဝင်လုပ်ရမယ်။ ၀င်လုပ်ရရင်တော့ အကုန်လုံးပါမယ် အဲဒီမှာ။ အဲတော့ ကျနော်တို့က အခြေခံဥပဒေမူကြမ်းတောင် ဆွဲထားပြီးပြီ။ ဒါပေမယ့် သူတို့ ဥပဒေထွက်လာမှာကိုလဲ ကြည့်ဦးမယ်လေ။ အဲဒီဥပဒေနဲ့ သဟဇတဖြစ်မယ့် အခြေခံဥပဒေကို ပြန်ပြီးတော့ ပြင်ရမှာပဲ။ ရတယ်ဆိုရင်တော့ အများကြီးပါလာမှာပဲ။

မေး- အခြေခံဥပဒေမူကြမ်းဆိုတာ ဦးရွှေအုံး ဆွဲနေတာလား၊ ဘာအတွက်လဲခင်ဗျ။

ဖြေ- ဟုတ်တယ်။ အခြေခံဥပဒေမူကြမ်းဆိုတာက ကျနော်တို့ ပြည်ထောင်စုဒီမိုကရေစီပါတီရဲ့ ဖွဲ့စည်းပုံပေါ့။

မေး- ဦးရွှေအုံးအနေနဲ့ လက်ရှိပြည်ထောင်စုဒီမိုကရေစီအဖွဲ့ချုပ် ထောင်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး တော့ တပြည်လုံးက ရှမ်းတိုင်းရင်းသားတွေကို ဘာများပြောချင်သေးလဲခင်ဗျ။

ဖြေ- အားလုံးကသဘောတူပါတယ်။ ခွန်ထွန်းဦးနဲ့ ကျနော်တို့အဖွဲ့ပဲရှိတာပဲ။ ကျန်တဲ့အဖွဲ့တွေက အများကြီးရှိတာပဲ မလုပ်ရသေးလို့ ထိုင်နေကြတာ၊ လုပ်လိုက်ရင်တော့ အကုန်လုံးက သဘော တူကြမှာပါ။

မေး- ရှမ်းပြည်က ပြည်သူတွေကို ဘာပြောချင်သေးလဲ ဦးရွှေအုံးအနေနဲ့။ ဦးရွှေအုံးပါတီကို ထောက်ခံဖို့ ပြောချင်သလား၊ ဒါမှမဟုတ်ရင် ဘာပြောချင်လည်းခင်ဗျ။

ဖြေ- ကျနော်တို့ပါတီထောက်ခံဖို့ပေါ့။ ကျနော်တို့ပါတီ၊ ကျနော်တို့ရဲ့ မူဝါဒဆိုတာက ကျနော်တို့ ၄၆ ခု ၄၇ ခုကတည်းက စလာတဲ့မူပဲလေ။ အဲဒါ ကျနော်တို့ ဒါ ခပ်လွယ်လွယ်နဲ့တော့ မဖျက်နိုင်ဘူး။ အဲဒါကို အကုန်လုံးလည်း သဘောတူတယ်။ နှစ်ပေါင်း (၇၀) လောက်မဖျက်ဘဲနေတယ်။ ကျနော် တို့ရည်ရွယ်ချက်ကတော့ မဖျက်ဘူး။ ကျနော်တို့ပြည်ထောင်စုပါတီကို စဖွဲ့ကတည်းက အဲဒီ ရည်ရွယ်ချက်နဲ့ဖွဲ့တာ။ အဲဒါ ကျနော်တို့တော့ ဒါတော့ မဖျက်နိုင်ဘူး။ ဖြစ်တာမဖြစ်တာကတော့ ထားလေ။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.