တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Tuesday, January 20, 2009

ဘာကြောင့် အာဏာမလွှဲပေးရသလဲ

တိုင်းရင်းသားအသံ
ဘာကြောင့် အာဏာမလွှဲပေးရသလဲ

ဗုဒ္ဓဟူးနေ့၊ 21 ဇန်န၀ါရီ 2009 ခိုင်လင်း(မေဃ၀တီ)


၁၉၉၀ ပြည့် အထွေထွေရွေးကောက်ပွဲရလာဒ်ကို အနိုင်ရပါတီအား အဘယ်ကြောင့်အာဏာမလွဲပေး ဘဲနေရ သနည်း။ စစ်အုပ်စုအနေဖြင့် အာဏာကို ဆက်လက်ဆုပ်ကိုင် လိုခြင်းတစ်ခုတည်း တော့ မဖြစ်နိုင်ချေ။ အာဏာလွှဲပြောင်း မပေးနိုင် ခြင်းအကြောင်းအရာများစွာထဲက အဓိက ကျောရိုး တခု(သို့မဟုတ်)အချက်တခုရှိသည်။ ယင်းအချက်သည် နအဖ(န၀တ)စစ်အုပ်စုအတွက် သေရေးရှင် ရေးတမျှအရေးကြီးသည်။ (ဤနေရာ၌ တပ်မတော်သားများကို မဆိုလိုပါ။ တပ်မတော် သားများ အနေနှင့်လည်း တပ်မတော်နှင့် နအဖ(န၀တ)သည် သီးခြားဆိုသည်ကို သဘောပေါက်ရန် အရေးကြီးသည်။ စစ်တပ်ကို ခုတုံးလုပ်၍ လူတစုက သူတို့ဆန္ဒအတိုင်း လုပ်ချင်သလိုလုပ်၍ တဖက်မှာ နအဖ(န၀တ)နှင့် တဘောတည်း ပုံစံမျိုးလုပ်ဆောင်နေသည်ကို သတိချပ်သင့်သည်။ စကားချပ်)


နအဖ(န၀တ)သည် အာဏာသိမ်းပြီးကတည်းက ပြည်သူ့အာဏာကို ပြည်သူ့လက်ထဲ ပြန်အပ်၍ ၄င်းတို့အနေဖြင့် စစ်တန်း လျားကို ပြန်မည်ဟု ကတိပေးခဲ့ပါသည်။ အမှန်ကလည်း သူတို့ပြန်မည်ဟုပြောဆိုခြင်းသည် သူတို့မျှော်လင့်ထားသော (တစည) သေချာပေါက်နိုင်မည်ဟု တွက်ထားသောကြောင့်ဖြစ်သည် ။ အကယ်၍ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲသည်(တစည) သာ နိုင်ခဲ့ပါက (တစည) အာဏာလွှဲ၍ စစ်တပ်သည် စစ်တပ်လျားကို ပြန်မှာသေချာသည် ။ ဤကဲ့သို့ကောက်ချက်ချ ရခြင်းသည် နှစ်နှစ်ဆယ်ကာလ၏ အခင်းအကျင်းအရကောက်ချက်ချခြင်းဖြစ်သည် ။ လက်ရှိအခြေအနေအရလည်း နအဖ(န၀တ) အနေဖြင့် (တစည) ကို ကျားကန်ပေးနေသည်ကို သတင်း အချက်အလက်များအရ သိရသည်။ သို့သော် နအဖ(န၀တ) မျှော်လင့်ထားသလို ဖြစ်မလာဘဲ အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရခဲ့သည့်အခါ နအဖ(န၀တ)အနေဖြင့် ဗြောင်ပေးထား သည့် ကတိကို ဗြောင်ဖျက်ခဲ့ရသည် ။ ဘာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာမလွှဲ ပေးချင်ရသနည်း။ အာဏာအပေါ်မှာသာယာ၍ သို့မဟုတ် အာဏာကို ဆက်လက် ဆုပ်ကိုင်လိုခြင်း ကြောင့်ဖြစ်သည်ဆိုလျှင် ယင်းတခုတည်းကြောင့်တော့မဖြစ်နိုင် ။ ယင်း၏နောက်ကွယ် မှာ ဘာတွေရှိသနည်း။ လက်ကုန် နှိုက်ကြည့်ရန်လိုလာသည်။ အချို့က ချပြသည် ။ မရဲတရဲ ။ ကျနော်လည်း မရဲတရဲ ၂၀၀၂ တုန်းက မဂ္ဂဇင်းတစ်စောင်မှာ ပါးပါးလေးချပြဖူးသည် ။ ကျနော်က ယင်းဆောင်းပါး တွင် “မြန်မာနိုင်ငံ၏ ပကတိတည်ရှိနေသော ပြဿနာသည် အမျိုးသားရေး ပြဿနာဖြစ်သည် ။ ယင်း အမျိုးသားရေးပြဿနာအား နိုင်ငံရေးအရဖြေရှင်းမှသာလျှင် ပြေလည်သွားမည် ဖြစ်၏ ။ (၁၉၉၀)ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် ပြည်သူ့အာဏာအား ပြည်သူ့ထံအပ်နှင်းရုံသက်သက် မဟုတ်ဘဲ အမျိုးသားရေးပြဿနာအား နိုင်ငံရေးအရ မဖြေရှင်း လိုသောကြောင့် ပြည်သူ့အာဏာအား မအပ်နှင်းဘဲ ငြင်းဆန်နေခြင်း ဖြစ်၏ ။ စစ်အုပ်စုသည် အမျိုးသားအသီးသီးတို့၏ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးကိုမလိုလား သည်မှာသမိုင်းက သက်သေပြလျက်ရှိသည်။ အကယ်၍ အမျိုးသားရေးပြဿနာအား မဖြေရှင်းဘဲ အာဏာပိုင်ဆိုင်ရေးတခုတည်း ဆိုလျှင် အောင်နိုင်ရေးပါတီဖြစ်သော (NLD) လက်ထဲသို့ အာဏာလွှဲပြောင်းလိုက်မည်ဖြစ်၏။ ယခု (၁၉၉၀)ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၏ အဖြေသည် အာဏာရရှိရေးသက်သက်မဟုတ်သည်မှာ ထင်ရှားသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အမျိုးသားရေးပြဿနာကို နိုင်ငံရေးအရအဖြေရှာမည်မှာ သေချာသောကြောင့် စစ်အုပ်စုအနေဖြင့်ငြင်းဆန် နေရခြင်းဖြစ်၏” ဟူ၍ အခြားအကြောင်းအရာရေးရင်း ကျနော်ကောက်ချက် ချရေးပြခဲ့ဖူးသည်။ တချိန်ချိန်ယင်းအကြောင်း အရာလေးကို သီးသန့်ဆောင်းပါးတပုဒ်ရေး မည်ဟုစိတ်ကူးခဲ့သော်လည်း ပြန်လည်အမှတ်မရသဖြင့် ကျနော်မရေးဖြစ်ခဲ့ပါ။

တိုက်ဆိုင်စွာဖြင့် နာမည်ကျော်စာရေးဆရာတဦး၏ ဆောင်းပါးကို ဖတ်ဖြစ်မှ ယင်းအကြောင်း အရာကို ပြန်လည်သတိရ၍ ရေးဖြစ်ခြင်းဖြစ်သည်။ ဆရာ၏ ဆောင်းပါးအနှစ်ချုပ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တစ်ထစ်လျှော့ရမည် ဖြစ်ကြောင်း၊ ဆရာလေသံအရ ပြောရရင် ပညာရှိလေးများကဆိုသည့်အကြောင်း ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တစ်ထစ်မက လျှော့လာလိုက်သည်မှာ နောက်ဆုံးလျှော့စရာမရှိ၍ ဦးလွင်ပုဆိုးသာ ကျန်တော့သည့်အကြောင်းစသည် အားဖြင့် ရေးထားပါသည် ။ ကျနော့်အနေနှင့် ဆရာအား တိုက်ခိုက်လို၍ ဤဆောင်းပါးကို ရေးသည်မဟုတ်ပါ။ ပညာရှိလေး များဆိုသည့် ဆရာ့စကားကိုလည်း ကျနော့်ကို ရည်ရွယ်သည်မဟုတ်ပါ။ မည်သူအား ရည်ရွယ်သည်ကိုကျနော်သိသည်။ သို့သော် ယင်းကိစ္စ အဓိကမဟုတ် ။ အဓိက ဖြစ်နေသည့်အကြောင်းအရာကို သာဆုပ်ကိုင်၍ အထက်မှာကျနော် ပြောခဲ့သည့် အတိုင်း တိုက်ဆိုင်၍သာ ဥပမာအဖြစ်ပြရင်း ရေးသားရခြင်းဖြစ်ပါသည် ။ ဆရာညွန်းသော ပညာရှိလေးများထဲမှတယောက် ပြောသော စကားသည် န၀တ (နအဖ) မှ အာဏာမလွှဲပြောင်းပေးရေး၏ အချက်အတချက်ဖြစ်သည်။ ယင်းအချက်သည် ကျနော်အထက်မှာ တင်ပြခဲ့သည့် ၂၀၀၂ ခုနှစ်က ရေးခဲ့ဖူးသည့် ဆောင်းပါးကောက်နုတ်ချက်နှင့် အနှစ်သာရအားဖြင့် တူနေသည်။ ယင်းအကြောင်းအရာကို ဆွဲဆန့်၍ ယခုဆောင်းပါးကို ကျနော်ရေးရခြင်းဖြစ်သည်။ (ဤနေရာ၌ကျနော်ညွန်း ဆိုသော ပုဂ္ဂိုလ်များ၏ နာမည်အား မထည့်ရေးသည်ကို နားလည်ပေး စေချင်သည်။ ၄င်းပုဂ္ဂိုလ်များအား နာမည် မထည့် ရေးသော်လည်း စာဖတ်နှံ့စပ်သူများအနေဖြင့် အဖြေရှိပါသည်။ စကားချပ်။ )

ယင်းအချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လျှော့ပေးလျှင် အာဏာလွှဲပြောင်းပေးခြင်းကို ရရမည်ဖြစ်သည်။ ယင်းအချက်ကား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသားများ အပေါ်ထားရှိသည့်သဘောထားပင်ဖြစ်သည်။ အဖွဲ့ချုပ်အနေနှင့်လည်း တိုင်းရင်းသားရေးရာနှင့် ပတ်သက်၍ ယခုကဲ့သို့ ခိုင်မာစွာရပ်တည်နေရခြင်းသည် လွတ်လပ် ရေးနှင့်ထပ်တူ ဖြစ်ပွားလာခဲ့သော ပြည်တွင်းစစ်ကို အဆုံးသတ်စေလို၍ဖြစ်သည်။ တနည်းအားဖြင့်ပြောရလျှင်လွတ်လပ် ရေး နှင့်ထပ်တူ အစိုင်အခဲအဖြစ်တည်ရှိနေသော အမျိုးသားရေးပြဿနာကို နိုင်ငံရေးအရဖြေရှင်းလို၍ ဖြစ်သည်။ အဖွဲ့ချုပ် ၏ ရပ်တည်ချက်သည် ပင်လုံအပေါ်သစ္စာဖောက်မှုများကို ပြန်လည်ကုစားခြင်းလည်းဖြစ်သည်။ ဦးဝင်းတင် လွတ်လာပြီး နောက် မီဒီယာ (RFA) နှင့် အင်တာဗျူးသည့်အခါ၌လည်း ဗမာအမျိုးသား များနှင့် ထပ်တူ ကျန် အမျိုးသားများသည်လည်း နိုင်ငံရေးအရ တန်းတူအခွင့်အရေးရှိကို ရှိရမည်ဟု ပြောကြားခဲ့သေးသည်။ “နိုင်ငံရေးအရ တန်းတူရေး” ဆိုသည့်စကား သည် ၁၉၆၂ ခုနှစ်မှသည် ယနေ့ကာလအထိ အာဏာသိမ်း စစ်ခေါင်းဆောင်တစုအနေဖြင့် နာနာကျင်ကျင် ခါးခါးသီးသီး အပြင်းအထန်ငြင်းဆန်နေခဲ့ကြသည်။ ၁၉၆၂ ခုနှစ်၏ ဟိုမှာဘက် ပါလီမန်ခေတ်မှာလည်း နိုင်ငံရေး အရတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရှိခဲ့သည်မဟုတ်ပါ။ ၁၉၆၂ အလွန် ကာလများနှင့် နှိုင်းယှဉ်၍ ကောင်းနေခြင်းသာဖြစ်သည်။ ပါလီမန်ခေတ်သည် အနူထဲက လူချော။

ဒီမိုကရေစီအင်အားစုကြားမှာလည်း အချို့ပုဂ္ဂိုလ်များသည် တိုင်းရင်းသားများအနေဖြင့်လည်း တစ်ထစ်လျှော့တိုက်ပွဲဝင်ဖို့ လိုအပ်ကြောင်း ဆွေးနွေးချပြသည်ကို နယ်စပ်မှနေစဉ် ကျနော်ကြုံခဲ့ရဖူးသည်။ တိုင်းရင်းသားများ၏ တစ်ထစ်လျှော့ တိုက်ပွဲဝင်ခြင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း တစ်ထစ်လျှော့ရန် အကြံပေးခြင်းသည် ဒီမိုကရေစီ နိုင်ငံတော် တခုတည်ဆောက်ရေးတခုကိုသာ ကြည့်ခြင်းဖြစ်သည်။ ပါလီမန်ခေတ်သည်လည်း ဒီမိုကရေစီနိုင်ငံဖြစ်ခဲ့ပါသည်။ တိုင်းရင်းသားများ၏ နိုင်ငံရေးအရတန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိခဲ့ပါသလား။ ပြည်တွင်းစစ်ရော မရှိဘဲနေခဲ့ဖူး ပါသလား။ ခေတ်အဆက်ဆက် အုပ်ချုပ်သူများအနေဖြင့် ပင်လုံကို ကျောခိုင်းသစ္စာဖောက်ခဲ့ခြင်း၏ ရလဒ်သည်တိုင်းပြည် မတည်မငြိမ်ဖြစ်ပြီး ကုန်းကောက်စရာမရှိသော နိုင်ငံအဖြစ် ကြွင်းကျန် ရစ်ခဲ့ခြင်းသာ အဖတ်တင်သည်။ မည်သို့ပင်ဖြစ်စေ တိုင်းရင်းသားလူမျိုးပေါင်းစုံ နိုင်ငံရေးအရ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးစသဖြင့် အဖွဲ့ချုပ်၏ နိုင်ငံရေး ရပ်တည်ချက် သို့မဟုတ် တိုင်းရင်းသားများအပေါ် အဖွဲ့ချုပ်၏ သဘောထားသည် ယနေ့အချိန်ထိ မပြောင်းလဲသေးပါ။ ထို့အတူ စစ်အုပ်စုသည်လည်း ၁၉၉၀ ပြည့်အထွေထွေရွေးကောက်ပွဲရလဒ်ကို အသိအမှတ ပြုမည်မဟုတ်ပါ။ အသိအမှတ်ပြုသည့်တိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသား များနှင့်ပတ်သက်သည့် နိုင်ငံရေးရပ်တည် ချက်တစ်ထစ်မလျှော့သမျှ အဖွဲ့ချုပ်အား အာဏာအပ်နှင်း မည်မဟုတ်ပါ။ ဆိုလျှင် အဖွဲ့ချုပ်အနေဖြင့် ၁၉၉၀ရွေးကောက်ပွဲ အသိ အမှတ်ပြုရေးနှင့် အာဏာ ရရှိရေးအတွက် တိုင်းရင်းသားလူမျိုးများအပေါ်ထားရှိသည့်သဘောထား သို့မဟုတ် နိုင်ငံရေးရပ် တည်ချက်ကို ပြောင်းလဲပစ်မည်လား။ အဖွဲ့ချုပ်သည် အာဏာရယူရေး တခုတည်းသက် သက်မဟုတ်ဘဲ အမျိုးသားရေးပြဿနာများအား နိုင်ငံရေးအရဖြေရှင်းရန် စိန်ခေါ်မှုများဖြင့် တိုးဝင် လာခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသားပြည်နယ် များတွင်လည်း အောင်ပန်းဆင်နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့်ပင် ဗိုလ်အောင်ကျော်လမ်း ထုတ်ပြန်ကြေငြာချက်ကို ထုတ်ပြန်နိုင်ခဲ့ပြီး တိုင်းရင်းသားပါတီများနှင့်လက်တွဲ၍ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ကို ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။

နအဖ (န၀တ) အနေဖြင့်လည်း အဖွဲ့ချုပ်၏ တိုင်းရင်းသားများအပေါ်သဘောထားအား ပြောင်းလဲသင့်ကြောင်းကို ဆွေးနွေး ကောင်းဆွေးနွေးပြီး ဖြစ်လိမ့်မည်။ သို့သော် အဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသားများအပေါ်ရပ်တည်ချက်ကို မပြောင်းလဲ ခဲ့သဖြင့် စစ်အုပ်စုသည် တိုင်းရင်းသား လူမျိုး များ၏ နိုင်ငံရေးအရတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လုံးဝ မပါသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံခံ ဥပေဒကို တရပ်ကြမ်း ရေးဆွဲခဲ့ပြီး ဖြစ်သည့်နည်းဖြင့် လူထုဆန္ဒခံယူပွဲကျင်းပကာ အားလုံး ထောက် ခံပါသည်ဟု လုပ်ဆောင်ခဲ့သည် ။ စစ်ခေါင်းဆောင်များအုပ်ချုပ်ရေးဟုဆိုသော်လည်း အမှန်စင်စစ် တိုင်းရင်းသား လူမျိုးများ၏ နိုင်ငံရေးအရတန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လုံးဝပစ်ပယ်လို၍ လုပ်ဆောင်လာ ခြင်းဖြစ်သည်မှာ ထင်ရှားသည် ။ တပ်မတော်ကောင်းစား ရေးမဟုတ် ။ ခေါင်းဆောင် လူတစုကောင်းစားရေးနှင့် တိုင်းရင်းသား များအား နှိပ်ကွက်ရေး။ ဆိုလျှင် တပ်မတော်တွင်းရှိ တိုင်းရင်း သားများအနေဖြင့် ဘာလုပ်သင့်သနည်း။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား အာဏာမလွှဲ ပေးခြင်းသည် ၄င်းအဖွဲ့ချုပ်၏တိုင်းရင်းသားလူမျိုများ အပေါ်ထားရှိသည့်နိုင်ငံရေးသဘောထား ကို မကြိုက်သောကြောင့်ဖြစ်သည်ကို မမေ့သင့်ပေ။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.